Skip to main content

ပဲခူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့၌ ငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၇၀၀ နှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀၊ အလေးချိန် ၁၆၈ ကီလို ဖမ်းဆီးရမိ

နေပြည်တော် မတ် ၄

ပဲခူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့၌ ငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ကီလို ၇၀၀ နှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀၊ အလေးချိန် ၁၆၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ တာမွေမြို့မရဲစခန်းမှ မူးယစ်တရားခံပြေး ဇော်မြတ်ထွန်းသည် ရှမ်းပြည်နယ်မှ ရန်ကုန်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီတွင် ပဲခူးမြို့နယ် ဘောနတ်ကြီးကျေးရွာ အနီးရန်ကုန်-မန္တလေး (အမြန်လမ်း) မိုင်တိုင်အမှတ် (၃၉) တွင် သတင်းရရှိထားသည့် ALPHARD ယာဉ်နှင့်အတူ နေမျိုးထက်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်-မန္တလေး (အမြန်လမ်း) မိုင်တိုင်အမှတ်(၃၉/၄) အနီးရှိယာဉ်ရပ်နားဝင်းတွင် ရပ်တန့်ထားသည့် ALPHARD မော်တော်ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၄၄၀ သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ် (တောင်ပိုင်း) ဝမ်ဟိုင်းမှ ရန်ကုန်မြို့သို့ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၇၀၀ ကို ငွေကျပ်သိန်း ၁၀၅၀ ဖြင့် တာဝန်ခံသယ်ဆောင်ခဲ့သူ ဇော်မြတ်ထွန်း၊ ကျော်သူရစိုး၊ ကျော်သူဝင်းနှင့် စိုင်းအောင်သူရတင်တို့ကို မင်္ဂလာဒုံမြို့နယ်တွင် WISH မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့၏ ဖော်ထုတ်ချက်အရ ရန်ကုန်မှမြဝတီသို့ ပို့ဆောင်မည့် အိုက်စ်ကီလို ၂၆၀ နှင့် ဘိန်းဖြူဘလောက်တုံး ၁၆၈ ကီလိုအား လက်ခံထားရှိသူ အောင်ဇော်ဝင်းကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ကားဝင်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး မိတ္ထီလာမှ အမြန်လမ်း (၃၉) မိုင်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့သူ သူရိန်ထွန်း(ခ) သူရထွန်းကို ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ထက်နိုင် (ခ) ကိုကိုဝင်းသူကို ရပ်စောက်မြို့တွင်လည်းကောင်း၊ ရဲမြင့်သိန်းကို အောင်ပန်းမြို့တွင်လည်းကောင်း၊ အမြန်လမ်း (၃၉) မိုင်မှ ရန်ကုန်မြို့ အမှတ် (၇) လမ်းမကြီးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးသူ ကိုကိုဝင်းကို ရေတာရှည်မြို့နယ်တွင် TOYOTA CROWN မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ ရန်ကုန်မှမြဝတီသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်သူရင်ပိုက်ဦး (ခ) ရန်ပိုင် (ခ) လွှမ်းပိုင်ကို ပုသိမ်မြို့၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်ခဲ့သည့် Grand Tiger Double Cab ယာဉ်အား မိတ္ထီလာမြို့နယ် အိုင့်ကျေးရွာတွင်လည်းကောင်း၊ TOYOTA HILUX SURF မော်တော်ယာဉ်အား မရမ်းကုန်းမြို့နယ်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၇၀၀ နှင့် ဘိန်းဖြူဘလောက်တုံး ၄၀၀ ၊ အလေးချိန် ၁၆၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်