Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နှင့်ဗထူး၊ ရပ်စောက်မြို့ ပတ်ဝန်းကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မတ် ၄

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ဗထူးတပ်နယ်ရိပ်သာတွင် တပ်နယ်မှတာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပင်းတယမြို့နှင့် ဗထူး၊ ရပ်စောက်မြို့ ပတ်ဝန်းကျင် အထူးစိမ်းလန်းစိုပြည်ရေး သစ်တောစိုက်ခင်းများ တည်ထောင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပင်းတယမြို့နှင့် ဗထူး၊ ရပ်စောက်မြို့ ပတ်ဝန်းကျင်ဒေသများ စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောကျန် များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ သစ်စေ့ဘောလုံးကြဲချခြင်း၊ သစ်စေ့စူးထိုးစိုက်ခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းစဉ်များ အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရေး၊ ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသည့် Fire Hotspots လျော့နည်းစေရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပပျောက်စေရေးအတွက် အလေးထားဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိမ်းလန်းစိုပြည်ရေး သစ်တောစိုက်ခင်းများ တည်ထောင်ရေးနှင့် လုပ်ငန်းစဉ်များ အချိန်မီပြီးစီးရေးအတွက် ဝန်ကြီးဌာနနှင့် ပြည်နယ်အတွင်းရှိ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ တပ်နယ်မှူးနှင့် တာဝန်ရှိသူများက သစ်တောစိုက်ခင်းတည်ထောင်ရန် မြေနေရာရွေးချယ်ထားမှုနှင့် ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗထူးတပ်နယ်ပတ်ဝန်းကျင်ရှိ သစ်တောစိုက်ခင်းတည်ထောင်ရန် ရွေးချယ်ထားသော မြေနေရာကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရပ်စောက်မြို့နယ်ရှိ မွေတော်သစ်ဆိပ်သို့ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများက သစ်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်