Skip to main content

ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တောင် ဥက္ကလာပမြို့နယ်ပဒေသာ အားကစားကွင်းသို့ရောက်ရှိပြီး တိုင်းရုံးနှစ်ထပ် (၈၁ ပေ x ၅၇ ပေ x ၂၃ ပေ) တည်ဆောက်နေမှု၊ ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ အားကစားခန်းမ၌ အားကစားသမားများ လေ့ကျင့်နေမှုကိုကြည့်ရှု၍ အားပေးစကား ပြောကြားသည်။

မှာကြား

ဆက်လက်၍ ပဒေသာအားကစားကွင်းအတွင်းရှိ တိုင်းဒေသကြီးလက်ဝှေ့နှင့် အလေးမလေ့ကျင့်ရေးရုံနှင့် မီတာ ၄၀၀ Synthetic ပြေးလမ်းပါ ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ရောက်ရှိပြီး ရေကူးကန်စက်ခန်းနံရံပြုပြင်ခြင်း၊ Filter ပိုက်လိုင်းများရေဝင်ရေထွက် ကောင်းမွန်မှုနှင့် ရေကူးကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ကြည့်ရှုအားပေး

ထို့နောက် ဒုတိယဝန်ကြီးသည် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး နည်းပြများကိုတွေ့ဆုံ၍ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်များ ဆွတ်ခူးရရှိရေးနှင့် ယခင်အောင်မြင်မှုများထက် ပိုမိုအောင်မြင်မှုများရရှိရေး အထူးကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အတွက် အားကစားကဏ္ဍတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်