နေပြည်တော် မတ် ၄
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် တင်လှူပူဇော်ခြင်းနှင့် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ အဂ္ဂမဟာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်း တိုက်ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်