နေပြည်တော် မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာကျေးရွာများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသည့် ရပ်ကွက်/ကျေးရွာများအား ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်မှတဆင့် အခြေအမြစ်မရှိသည့် ဓာတ်ပုံများကို အသုံးပြု၍ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။