Skip to main content

ခိုင်မာစွာတည်ဆောက်ရမည့် အားများ

မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်ယှဉ်တွဲ၍ ပြည်သူများကြားမှ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်ဖြစ်သည်။ တပ်မတော်သည် စတင်ပေါ်ပေါက်လာချိန် ကတည်းကပင် တိုင်းရင်းသားပြည်သူများနှင့်အတူ ယှဉ်တွဲ၍ နယ်ချဲ့ကိုတွန်းလှန်၊ ဖက်ဆစ်ကိုတော်လှန်၊ ပြည်တွင်းသောင်းကျန်း သူပေါင်းစုံတို့ကိုနှိမ်နင်းကာ ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးခဲ့သည်။

၁၉ ရာစုနှောင်းပိုင်းတွင် လုံးဝဆုံးရှုံးသွားခဲ့သည့် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရရှိနိုင်ရန်မှာ နယ်ချဲ့သိမ်းပိုက်ထားသူ အင်္ဂလိပ်တို့ကို တိုက်ခိုက်နှင်ထုတ်နိုင်မှသာ ရရှိနိုင်မည်ဟူသည့် ယုံကြည်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်တို့ ဂျပန်ပြည်တွင် စစ်ပညာများကို သင်ကြားခဲ့ကြပြီး ဂျပန်တို့နှင့်အတူလက်တွဲ၍ နယ်ချဲ့အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့သည်။ သို့ရာတွင် ဂျပန်တို့က အတုအယောင်လွတ်လပ်ရေးကိုသာပေးခဲ့ပြီး ဖက်ဆစ်ဝါဒကို ကျင့်သုံးကာ လွှမ်းမိုးဖိနှိပ်အုပ်ချုပ်ခြင်းနှင့် ပြည်သူကိုညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် တပ်မတော်နှင့် ပြည်သူတို့လက်တွဲ၍ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဖက်ဆစ်ဂျပန်ကို ပြန်လည်တော်လှန်တိုက်ခိုက်ခဲ့သည်။ သမိုင်းမော်ကွန်းတင်သည့် ထိုနေ့ထိုရက်ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း ၈၀ ပြည့်မြောက်ပြီ ဖြစ်သည်။

နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့သည့် မိမိတို့နိုင်ငံမှာ နယ်ချဲ့စနစ်၏ ဆိုးမွေများနှင့် ဒုတိယကမ္ဘာစစ်ကာလအတွင်း နှစ်ကြိမ်တိုင်တိုင် စစ်တလင်းဖြစ်ခဲ့ရခြင်းတို့၏ အကျိုးဆက်ကြောင့် အင်အားချည့်နဲ့နေချိန်တွင် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ အမျိုးမျိုးသော အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးစသည်ဖြင့် အကြောင်းခံကာ သောင်းကျန်းသူအဖွဲ့ပေါင်းများစွာတို့ တစ်နိုင်ငံလုံး၌ ထင်တိုင်းကြဲသောင်းကျန်းခဲ့ကြရာ အစိုးရ၏အာဏာစက်မှာ ရန်ကုန်တစ်မြို့တည်းတွင်သာ သက်ရောက်ကျန်ရှိတော့သည့် အလျောက် ပြည်ပမီဒီယာတို့က “ရန်ကုန်အစိုးရ” ဟူ၍ပင် အမည်ပေးခဲ့ကြသည်။ ထိုခေတ်သည် ပြည်တွင်း၌ သောင်းကျန်းသူ အဖွဲ့အစည်းပေါင်းစုံတို့ ထကြွသောင်းကျန်းခဲ့ကြသော “ရောင်စုံသောင်းကျန်းမှု” ခေတ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

ယင်းသို့ ပြည်တွင်း၌ တည်ငြိမ်မှုကင်းမဲ့ချိန်တွင် နိုင်ငံအဖို့ “ဘူးလေးရာ ဖရုံဆင့်” ရသည့် အခြေအနေသို့ ဆိုက်ရောက်စေသော ပြည်ပကျူးကျော်မှုများက နိုင်ငံ၏အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် ပေါ်ပေါက်လာသည်။ ရှမ်းပြည်နယ်တွင် တရုတ်ဖြူကူမင်တန်တပ်များ ကျူးကျော်ဝင်ရောက်မှုနှင့် ရခိုင်ပြည်နယ်တွင် မူဂျာဟစ်သောင်းကျန်းမှုတို့ဖြစ်ပြီး လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းရောင်စုံသောင်းကျန်းသူများကို ပြည်တွင်းအနှံ့အပြားတွင် တိုက်ခိုက်နှိမ်နင်းခဲ့ရသည့် မြန်မာ့တပ်မတော်မှာ တရုတ်ဖြူ တို့ကိုရော မူဂျာဟစ်တို့ကိုပါ အသက်၊ သွေး၊ ချွေးများစွာ ရင်းနှီး ပေးဆပ်ကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်နိမိတ်တို့ကို ကာကွယ်စောင့်ရှောက်ခဲ့ရသည်။

လက်ရှိကာလ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပကတိ အခြေအနေအရပ်ရပ်နှင့် ကမ္ဘာတွင်ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေ အရပ်ရပ်တို့က နိုင်ငံအတွင်းရှိ နိုင်ငံသူနိုင်ငံသားအားလုံး၊ တိုင်းရင်းသူ၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်မှုတို့ မဖြစ်မနေတည်ဆောက်ရန် တောင်းဆိုလျက်ရှိသည်။ စည်းလုံးခြင်းသည် အင်အားဖြစ်ပြီး စည်းလုံးညီညွတ်မှုပြိုကွဲခြင်းမှာ အင်အားပြိုကွဲခြင်းပင်ဖြစ်သည်။ နိုင်ငံ၏ အင်အားသုံးရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အား အသီးသီးတို့ အားနည်းချည့်နဲ့နေမည်ဆိုပါက နိုင်ငံနှင့်တကွ နိုင်ငံသူနိုင်ငံသားအားလုံးတို့မှာ နိုင်ငံတကာမျက်နှာစာတွင် နိမ့်ကျ၊ နောက်ကျ၊ အောက်ကျသည့် အခြေအနေသို့ ကျရောက်သွားမည်ဖြစ်သည်။ နိုင်ငံ၏အင်အားဖြစ်သော စည်းလုံးညီညွတ်မှုကို ခိုင်မာစွာတည်ဆောက်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းစွမ်းဆောင်ခြင်း၊ လေးစားခံ့ညားလောက်သည့် ကာကွယ်ရေးစွမ်းအားကို တည်ဆောက်ခြင်းတို့ဖြင့် နိုင်ငံတကာအလယ်တွင် ဝင့်ထည်နိုင်ကြရပါမည့်အကြောင်း။   ။