ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ယခုတွေ့ဆုံမှုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံမှုကို ရုရှားနိုင်ငံတွင်ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၌ တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ယခုထပ်မံတွေ့ဆုံဆွေးနွေးနိုင်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ မြန်မာ-ရုရှားနှစ်နိုင်ငံသည် မိတ်ကောင်း၊ ဆွေကောင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံခရီးကွာဝေးသော်လည်း ချစ်ကြည်ရင်းနှီးမှုများမှာ အဓွန့်ရှည်ကြာကာ နီးနီးကပ်ကပ်ရှိခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ယခုတွေ့ဆုံမှုတွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး နိုင်ခဲ့သည်။ နှစ်နိုင်ငံတွေ့ဆုံပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ အာကာသသိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက် ရေးကဏ္ဍများနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်သည့်ကဏ္ဍများကို ဆွေးနွေးကြရာ နှစ်နိုင်ငံခေါင်းဆောင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်နိုင်ငံကြား ပညာရေးအရည်အချင်းသတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာဘွဲ့၊ ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်အခွန်ဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ သဘောတူညီချက်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်းစာချွန်လွှာများ၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေ နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာ ရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာသဘောတူညီချက် စာချုပ်မူကြမ်း စသည်တို့ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပထမဆုံးအသိအမှတ်ပြု သည့်နိုင်ငံဖြစ်သလို လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံအား အကူအညီများစွာ ပေးခဲ့သည့်နိုင်ငံဖြစ်သည်။ ယခင်ဆိုဗီယက်ပြည်ထောင်စု၏အကူအညီဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၌ အရေးပါသောစီမံကိန်းများကို အကောင်အထည်ဖော်ပေးနိုင်ခဲ့သည်။ ယခုလက်ရှိတွင်လည်း မြန်မာနိုင်ငံကို ရှေးအစဉ်အလာမပျက် အားပေးကူညီလျက်ရှိပြီး မြန်မာ့စက်မှုနှင့်စီးပွားရေးကဏ္ဍများတွင် အကူအညီပေးလျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများ တိုးတက်ကောင်းမွန်ရေးအတွက် ထောက်ခံအားပေးပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ပေးခဲ့သည်။ လွန်ခဲ့သည့်နှစ်က နှစ်နိုင်ငံကုန်သွယ်ရေးပမာဏ ၄၀ ရာခိုင်နှုန်းခန့်တိုးမြှင့်ခဲ့ပြီး ယခင်က သန်းပေါင်း ၂၀၀၀ ခန့် ရှိခဲ့သည်။ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အခြားနယ်ပယ်ကဏ္ဍအသီးသီးတွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရန် အသင့်ရှိနေပြီး အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ တိုးတက်ရေး၊ မြန်မာနိုင်ငံတွင် အသေးစားအဏုမြူဓာတ်အားပေးစက်ရုံ ဆောင်လုပ်ရေးအတွက် သဘောတူထားရာ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်မည်ဖြစ်သည်။ စက်မှုနှင့် အဆင့်မြင့် နည်းပညာနယ်ပယ်တွင်လည်း ပူးတွဲစီမံကိန်းများကို အကောင်အထည်ဖော်နေပြီး ရုရှားနိုင်ငံအကူအညီဖြင့် မြန်မာနိုင်ငံတွင် ဂြိုဟ်တုမှရရှိထားသည့် အချက်အလက်များ လေ့လာရေးစင်တာကို ဖွဲ့စည်းထားသည်။ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှု နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin တို့၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုများသည် နှစ်ပေါင်းရှည်ကြာခိုင်မြဲခဲ့သည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မြဲပြီး ခရီးစဉ်အတွင်း ဆွေးနွေးမှုများမှ ရရှိလာမည့်ရလဒ်များကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးနယ်ပယ်အသီးသီးတွင် ဆတက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်လာမည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ပါကြောင်း။ ။