Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မဲခေါင်-လန်ချန်းစီမံကိန်း (၂၀၂၁) ပိတ်သိမ်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၅

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း(၂၀၂၁)ဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်က ဆောင်ရွက်သည့် ဆိုလာပြားများ၏ စွမ်းဆောင်ရည် လက္ခဏာများနှင့် အမျိုးအစားရွေးချယ်ခြင်းဆိုင်ရာ သုတေသနစီမံကိန်း ပိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရန်ကုန်မြို့ရှိ လာအိုနိုင်ငံသံရုံးနှင့် ကမ္ဘောဒီးယားနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီးက ဤစီမံကိန်းသည် မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံများရှိ အပူချိန်မြင့်မားပြီး စိုထိုင်းဆမြင့်မားသော ရာသီဥတုအခြေအနေတွင် အသုံးပြုနေသည့် ဆိုလာပြားများမှ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အခြေခံအုတ်မြစ်ကောင်း တစ်ခုဖြစ်ရုံမျှမက နိုင်ငံတကာ သုတေသနစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားကောင်းခိုင်မာစေပါကြောင်း၊ ဤစီမံကိန်းမှရရှိသော အသိပညာများသည် ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုများကို ဆက်လက်လှုံ့ဆော်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ စီမံကိန်းကာလအတွင်းရရှိခဲ့သည့် အချက်အလက်များနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် တည်ထောင်နိုင်ခဲ့သည့် ဆိုလာသုတေသနဓာတ်ခွဲခန်းနှင့် ဆိုလာအမိုး တင်ကားပါကင်စနစ်တို့ကို ဆက်လက်သုတေသနပြုဆောင်ရွက်ကာ ဆိုလာနည်းပညာ စွမ်းရည်များကို ဆက်လက်မြှင့်တင်ဆောင်ရွက်ရန်နှင့် သုတေသနရလဒ်များကို ဆက်စပ်ဌာနများသို့ လွှဲပြောင်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ကွင်းဆင်းသုတေသနပြု

အဆိုပါစီမံကိန်းတွင် ထိုင်းနိုင်ငံမှ ချူလာလန်ကွမ်း (Chulalangkorn) တက္ကသိုလ်၊ ဗီယက်နမ်နိုင်ငံမှ ဟိုချီမင်းနည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံမှ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် ပြင်ပဆိုလာကုမ္ပဏီများမှ ဆိုလာကျွမ်းကျင် သုတေသီများက သင်တန်းဆရာများအဖြစ် ပို့ချပေးခဲ့ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ သင်တန်းသား ၃၃ ဦး တက်ရောက်ကာတောင်ကြီး၊ မကွေးနှင့် ဧရာဝတီဒေသများ၌ ဆိုလာစနစ်များကို ကွင်းဆင်းသုတေသနပြုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်