နေပြည်တော် မတ် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အုန်းပင်စုကျေးရွာသို့ သွားရောက်၍ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ပေးထားပြီးဖြစ်၍ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းသင်တန်းများ ဖွင့်လှစ်ပေးရေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စီမံကိန်းလုပ်ငန်းများဖြစ်သော Home Garden စိုက်ခင်းများကိုလည်းကောင်း၊ ပေ ၃၈၀၀ ကုန်ထုတ် လမ်းဖောက်လုပ်ပြီးစီးမှုကိုလည်းကောင်း၊ ရေဂါလန် ၂၄၀၀ ဆံ့ အမြင့်ရေစင် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို လည်းကောင်း၊ Green House စနစ်၊ Net House စနစ်ဖြင့် စိုက်ပျိုးထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာသို့ သွားရောက်၍ ဝါးခယ်မ၊ မြောင်းမြ၊ အိမ်မဲမြို့နယ်တို့မှ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ လာမည့်နေကြာစိုက် ရာသီ၌ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးအပြင်အထွက် နှုန်းကောင်းသော ရုရှားနေကြာမျိုးများကိုလည်း စိုက်ပျိုးသွားကြရေးမှာကြားပြီး နေကြာစိုက်တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကြာဖြူကျေးရွာရှိ ရွှေကြာဖြူ(၁)စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ တောင်သူဦးဝင်းဘို၏ လယ်ယာမြေတွင် စမ်းသပ်စိုက်ပျိုးထားသော ရုရှားနေကြာမျိုးများဖြစ်သည့် အန်တူတအော် (ANTUTA OR)၊ ဗော်ကန်အော်(VULKAN OR)၊ ဂျိုယာ (JOYA)၊ ဟစ်ပိုလိုက်(HIPPO LIKE)၊ မာဟွမ်း ကေအယ်လ်ပီ (MAHAON KLP)၊ စဗျက်တလာ နာကေအယ်လ်ပီ(SVETLALA KLP) မျိုးခြောက်မျိုး ခူးဆွတ်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ကြာဖြူကျေးရွာကုန်ထုတ်လမ်း အရှည်ပေ ၁၃၂၀ ဖောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်