နိုင်ငံအဓွန့်ရှည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တာဝန်ယူဆောင်ရွက်ကြရခြင်းဖြစ်ရာ အနာဂတ်တွင် နိုင်ငံ့တာဝန်ကို လွှဲပြောင်းထမ်းဆောင်ကြရမည့် လူသားအရင်းအမြစ်ကိုလည်း စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ကြရသည်။ အနာဂတ်နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်ဆိုသည်မှာ မျိုးဆက်သစ်လူငယ်တို့၏ စွမ်းဆောင်ရည်၊ စွမ်းပကားတို့အပေါ်တွင် တည်မှီနေခြင်းဖြစ်သည့်အလျောက် လူငယ်များ စွမ်းဆောင်ရည်ပြည့်ဝရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်သွားကြရမည်လည်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူ၍ လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် လူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရန် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ လူငယ်မောင်မယ်များသည် စာပေဘာသာရပ်များ တတ်မြောက်ထူးချွန်ရုံသာမက ဘက်ပေါင်းစုံထူးချွန်သော လူငယ်များ ဖြစ်လာစေရန်လိုအပ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်တို့ထက်သန်စေရန်၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းတတ်ရန်၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန်နှင့် တန်ဖိုးထားရန်၊ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်နှင့် စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်တို့ ရှင်သန်ကိန်းအောင်းရန်၊ မိမိပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းကို အကျိုးပြုရန်ဟူသော အရည်အသွေးများနှင့် ပြည့်စုံကြရမည်လည်းဖြစ်သည်။
မိမိတို့နိုင်ငံတွင် လူငယ်မောင်မယ်များအား လူရည်ချွန်များအဖြစ် ပြုစုပျိုးထောင်ပေးသည့် လူရည်ချွန်စီမံကိန်းများသည် ၁၉၆၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ဆက်တိုက်အကောင်အထည်ဖော်ခဲ့သည်။ ၁၉၈၉ ခုနှစ်မှ စတင်၍ ယာယီရပ်နားထားခဲ့ရာ ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာထူးချွန်လူငယ်” စီမံကိန်းအဖြစ် ပြန်လည်အကောင်အထည်ဖော်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် “လူရည်ချွန်”အမည်ဖြင့် ပြန်လည်ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ခေတ္တရပ်ဆိုင်းသွားခဲ့ရပြန်သည်။ ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်၍ ပြန်လည်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် လူရည်ချွန်ကျောင်းသား ကျောင်းသူများ၏ အမည်စာရင်းများကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့က ထုတ်ပြန်ကြေညာနေပြီဖြစ်သည်။
လူရည်ချွန်ကျောင်းသား ကျောင်းသူများကို ရွေးချယ်ရာတွင် စာပေဘာသာရပ်များ သက်သက်ကိုသာ စစ်ဆေးအကဲဖြတ်ခြင်းမဟုတ်ဘဲ ရုပ်ပိုင်းအရကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်မှုတို့ကိုပါ စနစ်တကျ စိစစ်ရွေးချယ်ခြင်းဖြစ်ပြီး ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် စသည်ဖြင့် အဆင့်ဆင့်သော စိစစ်မှုတို့ကိုကျော်ဖြတ်ပြီး ထူးချွန်စွာအောင်မြင်ကြသူများကို ရွေးချယ်ခြင်းဖြစ်ရာ ဘဝတစ်သက်တာအတွက် ဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ လူရည်ချွန်မောင်မယ်များ လူရည်ချွန် စခန်းအသီးသီးတို့၌တွေ့ဆုံကြရာတွင် လူရည်ချွန်မောင်မယ်များအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိခြင်း၊ အသိပညာဗဟုသုတများဖလှယ်နိုင်ခြင်း၊ ဒေသန္တရဗဟုသုတများရရှိခြင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့အသီးသီးတို့ကို သိရှိနားလည်နိုင်ခွင့်ရရှိပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးအား ချစ်ခင်မြတ်နိုးစိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ ခိုင်မာရင့်သန်စေနိုင်မည်လည်းဖြစ်သည်။ မိမိတို့လူ့အဖွဲ့အစည်း မိမိတို့ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက် အဖိုးတန်လူသားအရင်းအမြစ်ဖြစ်သော စံပြလူငယ်မောင်မယ် လူရည်ချွန်တို့အား နှစ်ထောင်းအားရဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါကြောင်း။ ။