ရန်ကုန် မတ် ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် လှည်းကူးအားကစားကွင်းသို့ ရောက်ရှိပြီး နွေရာသီဘောလုံး၊ ပြေးခုန်ပစ်၊ သိုင်းနှင့် ဘတ်စကက်ဘောအားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား သင်တန်းသူများ၊ လှည်းကူးမြို့နယ် U-18 ဘောလုံးအသင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကောင်းမွန်စေရန်၊ နည်းစနစ်မှန်ကန်စေရန်၊ ကြံ့ခိုင်မှုနှင့် သက်လုံကောင်းမွန်စေရန် မှာကြားသည်။
ယင်းနောက် ဘောလုံးကွင်း၊ ပြေးခုန်ပစ်ပြေးလမ်း မိုးလုံလေလုံအားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သန်လျင်ခရိုင် သီဟဒီပအားကစားကွင်းသို့ ရောက်ရှိကာ တိုက်ကွမ်ဒိုအားကစားခန်းမ၊ ရေကူးကန်တို့၌ နွေရာသီအားကစားသင်တန်း သင်တန်းသား သင်တန်းသူများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားရုံအပြီးသတ်ဆောက်လုပ်ရန်၊ ရေကူးကန်ရေသန့်ရေးထိန်းသိမ်းဆောင်ရွက်ရန်၊ ဘောလုံးကွင်းအား မြက်ခင်းပြင်စိမ်းစိုလန်းဆန်းစေရေး သတ်မှတ်ကာလအတိုင်း စနစ်တကျဆောင်ရွက်ထားရှိရန်၊ ပွဲကြည့်စင်၊ ပြေးလမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ တာမွေမြို့နယ် ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဝင်းအတွင်းရှိ ကရာတေးအားကစားရုံ၌ ပဏာမလက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုနှင့် GYM လေ့ကျင့်ရေးရုံ၊ ရေကူးကန်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်