၁။ အမျိုးသမီးအခွင့်အရေးများကို အသိအမှတ်ပြုသည့်အနေဖြင့် ၁၉၇၅ ခုနှစ်တွင် ကုလသမဂ္ဂကအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် မတ်လ ၈ ရက်နေ့ကို သတ်မှတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် မတ်လ ၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့ရာ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် နှစ် ၅၀ တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “For ALL women and girls: Rights. Equality. Empowerment.” ဖြစ်ပြီး အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် ပါဝင်ဦးဆောင်မှုတို့ မြှင့်တင်နိုင်ရေးကို ရည်ညွှန်းဖော်ပြထားခြင်းဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံသည် အမျိုးသမီးများအခွင့်အရေးကို လူ့အခွင့်အရေးအဖြစ် အသိအမှတ်ပြုခဲ့သော ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်း စီမံချက် (Beijing Declaration and Platform for Action - BPFA) ကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ ၁၉၉၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးညီလာခံ၌ ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံနှင့်အတူ ပါဝင်အတည်ပြုခဲ့ပါသည်။ ထို့ပြင် ၁၉၉၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်တစ်ခုဖြစ်သော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်ဖြည့်ဆည်းပေးလျက်ရှိရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုများဆောင်ရွက်ခြင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအပေါ် စွမ်းဆောင်မှုဆိုင်ရာ ဆုများချီးမြှင့်ခြင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ပဋိပက္ခအတွင်း အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးခြင်း၊ ဥပဒေဆိုင်ရာ ကာကွယ်မှုပေးခြင်း၊ စီးပွားရေးဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ ပညာရေးမြှင့်တင်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စသည့်ဆောင်ရွက်ပေးနေမှုများကို လူ့အခွင့်အရေးရှုထောင့်မှ အသိအမှတ်ပြုကြိုဆိုအပ်ပါသည်။
၃။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့် အရေးမြှင့်တင်ရေးကဏ္ဍများ ဖော်ဆောင်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအပါအဝင် အမျိုးသမီးနှင့် မိန်းကလေးများ၏ အခွင့်အရေးများနှင့် လူမှုအသိုက်အဝန်းများက လိုက်နာဆောင်ရွက်သင့်သည်များကို အများပြည်သူသို့ အသိပညာပေးလျက်ရှိပါသည်။ ထို့ပြင် အမျိုးသမီးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ ကော်မရှင်ဥပဒေနှင့်အညီ တိုင်တန်းချက်များ စိစစ်ဆောင်ရွက်ခြင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်း၊ ဘိုးဘွားရိပ်သာ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနများသို့ သွားရောက်စစ်ဆေးပြီး တွေ့ရှိချက်နှင့် အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့၍ အခွင့်အရေးများ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
၄။ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်၏ ရည်ညွှန်းချက် ပြည့်မြောက်စေရန် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်ခြင်းများကို ရှောင်ကြဉ်၍ ယင်းတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးလျက် ကျား မ တန်းတူညီမျှမှုကို မြှင့်တင်ပေးခြင်းဖြင့် ကောင်းမွန်သည့် အနာဂတ်ကို အတူတကွ တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုလျက်တိုက်တွန်းဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်