Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဝန်ကြီးဌာနလက်အောက်ရှိဌာနများက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဝန်ကြီးဌာနလက်အောက်ရှိဌာနများက မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရန် မတ် ၆ ရက် မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှမန္တလေးသို့ အမှတ် (၂၇) အဆန်လေအိတ်ရထားဖြင့်ထွက်ခွာ၍ ရထားလမ်းပိုင်းကြံ့ခိုင်မှုကိုစစ်ဆေးပြီး ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်များကို တာဝန်ရှိသူများအားမှာကြားသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မတ် ၇ ရက်နံနက်ပိုင်းတွင် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အစည်းအဝေးခန်းမ၌ အထွေထွေမန်နေဂျာ (စက်ရုံ) က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံအနေဖြင့် လူစီးတွဲနှင့် ကုန်တွဲများအား လမ်းပိုင်းများတွင် အသုံးပြုရန် လိုအပ်ချက်နှင့်ဝန်ထမ်းများ၏ စွမ်းဆောင်နိုင်မှုအပေါ်မူတည်၍ပြင်ဆင်ရေး၊ ကုန်သေတ္တာတင်ဆောင်နိုင်သောတွဲ (Flat Wagon) များအပါအဝင် ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏကို အမြဲမပြတ်လေ့လာသုံးသပ်၍ ဖြည့်တင်းရေး၊ စက်ရုံအတွက် ဝန်ထမ်းများဖြည့်တင်းရေးနှင့် အရည်အသွေးမြင့်မားစေရန် လေ့ကျင့်ပျိုးထောင်ရေးမှာကြားပြီး စက်ရုံအတွင်း လူစီးတွဲများနှင့်ကုန်တွဲများ ပြုပြင်မှု၊ တွဲအရန်ပစ္စည်းများထုတ်လုပ်မှု၊ ရိုးရိုးတန်း လူစီးတွဲများအား စာတိုက်တွဲများအဖြစ် ပြောင်းလဲမွမ်းမံတည်ဆောက်မှု၊ ကုန်သေတ္တာတင် တွဲတည်ဆောက်ရေးအတွက် လေ့လာဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အနီးစခန်းလေဆိပ်သို့ရောက်ရှိရာ လေဆိပ်ဧည့်ခန်းမ၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လေဆိပ်အဆင့်မြှင့်တင်ရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးမှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြင်ဦးလွင်ဘူတာသို့သွားရောက်စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရှေးဟောင်းအဆောက်အအုံများ ဖြစ်သည်နှင့်အညီ ရေရှည်တည်တံ့စေရန် စနစ်တကျ ပြုပြင်ထိန်းသိမ်းမွမ်းမံရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သင့်သည်များကို အစီအမံရေးဆွဲတင်ပြရန်မှာကြားပြီး ဘူတာယာဒ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မတ် ၈ ရက်နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးရထားလမ်းပိုင်း စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသော စမုံမြစ်ကူးတံတားသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က စမုံမြစ်ကူးတံတားလုပ်ငန်းခွင် ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် တံတားကြံ့ခိုင်ရေးအတွက် ကမ်းထိန်းနံရံတည်ဆောက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ သာစည်ဘူတာသို့ RBE ရထားဖြင့် ဆက်လက်ထွက်ခွာပြီး ဘူတာယာဒ်ဝင်းအတွင်း လူစီးတွဲ၊ ကုန်တွဲများ၊ စက်ခေါင်းများထားရှိမှု၊ ဘူတာယာဒ်ဝင်းအတွင်း ခရီးသည်များ စိတ်အေးချမ်းသာစွာသွားလာနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်