Skip to main content

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးရှိ ဂျိုင်း (ကော့ကရိတ်) တံတားဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၉

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးရှိ ဂျိုင်း (ကော့ကရိတ်) တံတားအရှည် ၁၉၀၃ ပေ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ဂျိုင်း (ကော့ကရိတ်)  တံတားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့က တံတားကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များပက်ဖျန်းပြီး တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။

ဂျိုင်း (ကော့ကရိတ်) တံတားအဟောင်းသည် သက်တမ်းကြာမြင့်လာပြီး တံတားခံနိုင်ဝန်အား ကန့်သတ်ချက်ရှိလာသည့်အတွက် တံတားဟောင်းနေရာတွင် ဂျပန်နည်းပညာဖြင့် တံတားအသစ်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ သက်သာသောအတိုးနှုန်းချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဂျိုင်း (ကော့ကရိတ်) တံတားသည် အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီး(East-West Economic Corridor) ပေါ်တွင် တည်ဆောက်ထားသော သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး အရှည် ၁၉၀၃ ပေ၊ ယာဉ်သွားလမ်း အကျယ် ၄ လမ်းသွားနှင့် လူသွားလမ်း တစ်ဖက်လျှင် ၁ ဒသမ ၂ မီတာစီဖြင့် တည်ဆောက်ထားသည်။ ရေလမ်းကင်းလွတ်အမြင့် ၃၅ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၅၉၁ ပေ ရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအလိုက် ၇၅ တန် ဖြစ်ပြီး တံတား၏ ပင်မရေလယ်တိုင်(Pylon)ကို ဂျပန်နည်းပညာ Steel Shell နှင့် Concrete ပေါင်းစပ်ထားသည့် Extradosed Bridge အမျိုးအစား ဖြစ်သည်။

ယခုကဲ့သို့တံတားများကို တည်ဆောက်ခြင်းအားဖြင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ မြဝတီ - ဘားအံမှတစ်ဆင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့လည်းကောင်း၊ ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်သောကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနသည် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လမ်း၊ တံတားများကို အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်