နေပြည်တော် ဧပြီ ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဌာနအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် သတ်မှတ်ချိန်အမီပြီးစီးရေး၊ ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ယာယီရွှေ့ပြောင်းနေထိုင်ရာနေရာများ လုံခြုံရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ မိလ္လာများကောင်းမွန်ရေး၊ ဝန်ထမ်းများ သတ်မှတ်အင်အား အချိုးအစားအတိုင်း ရုံးပြန်လည်တက်ရောက်နိုင်ရေးနှင့် ရုံးခန်းများအလိုက် သန့်ရှင်းသပ်ရပ်စွာ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရေးနှင့် ယာယီရွှေ့ပြောင်းနေထိုင်ရာ နေရာများကို မိုးရာသီတွင် အဆင်ပြေစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရေးတို့ကို မှာကြားပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ် မဟာဓမ္မပါရမီ မိုးကုတ်ရိပ်သာသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်