ရန်ကုန် မတ် ၉
(၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနမှ ကျောင်းသား ကျောင်းသူများနှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တို့မှ ကျောင်းသား ကျောင်းသူများက “ပန်းတိုင်းပွင့်ပါစေ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်က ဦးတည်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဖွင့်တေးသီချင်း သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ပညာရေးဝန်ကြီးဌာန (၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံတွင် သုတေသနစာတမ်းများကို မတ် ၉ ရက်မှ ၁၁ ရက်အထိ ဖတ်ကြားသွားမည်ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာဌာနများတွင် ဝိဇ္ဇာပညာရပ်စာတမ်း ၁၁၉ စောင်၊ သိပ္ပံပညာရပ်စာတမ်း ၁၅၅ စောင်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ခန်းမ၌ စာတမ်း ၂၈ စောင်၊ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေးဆိုင်ရာ ပညာရေးစိတ်ပညာဆိုင်ရာစာတမ်း ၇၀ စုစုပေါင်းစာတမ်း ၃၇၂ စောင်တို့ကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါ (၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံတွင် တင်သွင်းဖတ်ကြားသည့် သုတေသနစာတမ်းများမှ ဘာသာရပ်နယ်ပယ်အလိုက် အကောင်းဆုံးသုတေသနစာတမ်းဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်