Skip to main content

ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့ရှိ အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်တို့နှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့သိုင်းသင်တန်းကျောင်းသို့ ရောက်ရှိပြီး နွေရာသီအားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား သင်တန်းသူများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး၍ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် မြန်မာ့သိုင်းအားကစားဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ ရောက်ရှိပြီး ပရိသတ် ၄၅၀ ဆံ့ RC-2 နှစ်ထပ် ပွဲကြည့်စင်ဆောက်လုပ်ပြီးစီးမှု၊ ရေကူးကန်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေကူးအားကစားသမားများ ပေါ်ထွက်စေရန် ပြိုင်ပွဲများ ကျင်းပနိုင်ရေး မှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများနှင့်တွေ့ဆုံ၍ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်များဆွတ်ခူးနိုင်ပြီး မိမိနှင့် မိမိအားကစားနည်း၊ အဖွဲ့ချုပ်၊ နိုင်ငံတော်အတွက် ဂုဏ်ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြရန်၊ စိတ်ဓာတ်ကောင်းမွန်ပြီး အောင်နိုင်စိတ်များဖြင့် လေ့ကျင့်မှုများကို ထပ်ခါထပ်ခါ ကြိုးစားလေ့ကျင့်ကြရန် မှာကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းသွင်းထားသော အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထမင်းစားဆောင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားကွင်းသို့ ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် တည်ဆောက်နေသည့် မြသီတာမိုးလုံလေလုံအားကစားရုံတည်ဆောက်မည့်မြေနေရာနှင့် မြသီတာဘောလုံးကွင်းတည်ဆောက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်