Skip to main content

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်တွင် စတင်ကျင်းပရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၃ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၁၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၂၀၈၄၃ ဦးရှိပြီး စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၆၅၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၄၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်အသီးသီးတို့တွင် ဖြေဆိုလျက်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲများတွင် တာဝန်ကျ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘတို့ကို ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်-

ဒေါက်တာ ကျော်လွင် ညွှန်ကြားရေးမှူး နေပြည်တော် ပညာရေးမှူးရုံး

“ကျွန်တော်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ်မှာ ခုတင် ၁၀၀၀ ဆေးရုံစာစစ်ဌာနအပါအဝင် စုစုပေါင်းစာစစ်ဌာန ၄၇ ခုနဲ့ စာမေးပွဲ ကျင်းပဆောင်ရွက်လျက်ရှိပါတယ်။ ဒီနှစ်အနေနဲ့စာစစ်ဌာန မြို့နယ်အလိုက်မှာတော့ စာစစ်ဌာနငါးခုရှိတဲ့ မြို့နယ်တွေလည်းရှိတယ်။ ခြောက်ခုရှိတဲ့ မြို့နယ်တွေလည်းရှိတယ်။ လယ်ဝေးမြို့နယ်ကတော့ စာစစ်ဌာန ၁၀ ခုနဲ့ စာစစ်ဌာနအများဆုံးရှိတဲ့ နေရာဖြစ်ပါတယ်။

စာမေးပွဲ အောင်ချက်အနေနဲ့ ယခင်နှစ်တုန်းက ၅၆ ဒသမ ၇၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်အနေနဲ့ ဘာသာရပ်သုံးမျိုးဖြစ်ပါတယ်။ ဓာတု၊ ရူပ၊ ဇီဝဘာသာတွဲ၊ ဓာတု၊ ရူပ၊ ဘောဂဘာသာတွဲနဲ့ ပထဝီ၊ သမိုင်း၊ ဘောဂဆိုပြီး ဘာသာတွဲသုံးတွဲ ဒီနှစ် ကျောင်းသား ကျောင်းသူတွေ ဝင်ရောက်ဖြေဆိုနေတာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ကတော့ ဒီတက္ကသိုလ်ဝင်စာမေးပွဲဆိုတာ ဘဝကို အပြောင်းအလဲဖြစ်စေမယ့်ဘဝကို အဆုံးအဖြတ်ပေးမယ့် စာမေးပွဲဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်စွာ၊ အေးချမ်းစွာနဲ့ မသမာမှုကင်းရှင်းတဲ့ စာမေးပွဲဖြစ်ဖို့ရာအတွက် ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဦးစီးဌာနအသီးသီးနဲ့ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနဲ့ ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေ၊ ရပ်/ကျေးအဖွဲ့ဝင်တွေ၊ ကြက်ခြေနီ၊ မီးသတ်၊ ကျန်းမာရေးဌာနစတဲ့ ဆက်စပ်ဌာနတွေ အားလုံးပူးပေါင်းပြီးတော့ လုံခြုံရေး၊ ကျန်းမာရေးကအစ အားလုံးအဆင်ပြေအောင် အစစအရာရာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျောင်းသား ကျောင်းသူတွေအနေနဲ့ စာကို အေးအေးချမ်းချမ်းနဲ့ ကြိုးစားပြီးတော့ ဖြေကြဖို့ ပြောကြားလိုပါတယ်။ ကျောင်းနေအရွယ်မှာ ပညာကိုဆုံးခန်းတိုင်အောင် သင်ယူပြီး နောင်တစ်ချိန်မှာ တိုင်းပြည်ကအားထားရတဲ့ နိုင်ငံ့သားကောင်း သမီးမွန်တွေဖြစ်အောင် ကြိုးစားကြဖို့ ပြောကြားလိုပါတယ်။ ကျန်းမာရေးအတွက်လည်း ကျွန်တော်တို့ စာစစ်ဌာနတိုင်းမှာ MEDICAL COVER အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစင်တာတွေရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်ခန်းဆိုပြီးတော့ သီးခြားဆေးခန်းတွေ ဖွင့်ထားပါတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက်/ တိုက်နယ်အလိုက်လည်း အရေးပေါ် လူနာတွေ ပေါ်ပေါက်လာရင် ဖြေဆိုနိုင်အောင်လည်း ဆေးရုံတွေမှာ စာဖြေခန်းတွေ အရန်သင့် စီစဉ်ဆောင်ရွက်ထားပါတယ်၊၊ ရပ်ဝေးက ရောက်ရှိလာတဲ့ မကျန်းမာတဲ့ တက္ကသိုလ်ဝင် စာမေးပွဲလူနာတွေ ရောဂါပြင်းထန်နေတဲ့ လူနာတွေအတွက် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးမှာ စာစစ်ဌာနတစ်ခု သီးခြားဖွင့်ပြီး ဆောင်ရွက်နေပါတယ်။ ဒီနေ့မှာဆိုရင် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးမှာ ကျောင်းသား ကျောင်းသူစာဖြေသူနှစ်ဦး ဖြေဆိုလျက်ရှိပါတယ်။ စိတ်အေးချမ်းသာစွာနဲ့ ကောင်းကောင်းမွန်မွန် ကိုယ်တိုင်ရေးပြီး ဖြေဆိုနိုင်ပါတယ်။ တချို့လူနာတွေဆိုရင် ကိုယ်တိုင်မရေးနိုင်တာတွေရှိပါတယ်။ သို့သော် ဆေးရုံမှာရှိတဲ့ ကျောင်းသား နှစ်ဦးဟာဆိုရင် ကျန်းမာရေးကောင်းမွန်တဲ့ သူတွေဖြစ်တဲ့အတွက်ကြောင့် ကိုယ်တိုင်ရေးပြီးတော့ ဖြေဆိုနေကြကြောင်း ပြောကြားလိုပါတယ်။ မသန်စွမ်းဖြေဆိုသူအနေနဲ့ နှစ်ဦးရှိပါတယ်။ တစ်ဦးက နားမကြားရတဲ့ ကျောင်းသားပါ။ တစ်ဦးကတော့ ခြေထောက်မကောင်းတာပါ။ ကျန်းမာရေး မကောင်းတဲ့ ကျောင်းသား ကျောင်းသူ နှစ်ဦးရှိပါတယ်။

စာမေးပွဲ စည်းကမ်းအရ နာရီဝက် နောက်ကျရင် ဖြေဆိုခွင့်မရှိ ဘူးဆိုတာရှိပေမယ့် ကျွန်တော်တို့ ဒီနှစ်အနေနဲ့ ဖြေလျှော့ပြီး အချိန်ကို ပိုမိုသတ်မှတ်ပြီး တစ်နာရီခွဲ နောက်ကျတဲ့အထိ လက်ခံဖို့ရာအတွက် ကျွန်တော်တို့ဝန်ကြီးဌာန၊ ဦးစီးဌာနက ညွှန်ကြားထားတဲ့အတွက်ကြောင့် ရောက်ရှိလာတဲ့သူကို စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အစစအရာရာ စီစဉ်ဆောင်ရွက်ထားပါတယ်၊၊ နေပြည်တော်ကောင်စီနယ်မြေအနေနဲ့ ယာဉ်ထိန်း၊ မီးသတ် စသည့်ဖြင့်ကျောင်းသားကျောင်းသူတွေ လမ်းမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်နေမယ်၊ ဥပမာဆိုင်ကယ်ပျက်နေမယ်၊ ကားပျက်မယ်ဆိုရင်တောင်မှ တွေ့တဲ့သူကို အကူအညီတောင်းလို့ရပါတယ်။ စာမေးပွဲဖြေသွားမလို့ ကူညီပေးပါဆိုရင် ကူညီပေးဖို့ရာအတွက် နေပြည်တော်ကောင်စီအနေနဲ့ လမ်းညွှန်ပြီး ဌာနဆိုင်ရာတွေကို ညွှန်ကြားထားပါတယ်။ သက်ဆိုင်ရာဆက်စပ်ဌာနတွေကိုလည်း ကူညီပေးကြဖို့ရာအတွက် နောက်ကျရင်တောင်မှ အကူအညီတောင်းရင် လိုက်ပို့မယ့်သူတွေရှိပါတယ်။ အဲဒီလောက်အထိ စီစဉ်ထားပါတယ်ဟု ဖြေကြားသည်။

အ.ထ.က(၇) နေပြည်တော်စာစစ်ဌာန ကြီးကြပ်ရေးမှူးကလည်း “ကျွန်တော်တို့ ကျောင်းစာစစ်ဌာနမှာ စုစုပေါင်းကျောင်းသား ၃၅၉ ဦးရှိပြီးတော့ ၃၃၇ ဦး လာရောက်ဖြေဆိုပါတယ်။ ၂၂ ဦး ပျက်ကွက်ပါတယ်။ ဖြေဆိုသူ ၉၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိပါတယ်။ ပျက်ကွက်က ၆ ဒသမ ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီနှစ် ကျောင်းသား ကျောင်းသူတွေအတွက် စိန်ခေါ်မှုက အများကြီးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စနစ်သစ်ကို ၂၀၂၄ ခုနှစ်မှာစတင် ဖြေခဲ့တာဖြစ်လို့ ၂၀၂၄ ခုနှစ် ကလေးတွေအတွက်တော့ စိန်ခေါ်မှု ဖြစ်ခဲ့တာပေါ့။ ဒီနှစ်ကလေးတွေက ဒုတိယနှစ်ဖြစ်တဲ့အတွက် အတွေ့အကြုံရှိပြီးဖြစ်လို့ အခက်အခဲမရှိနိုင်ပါဘူး။ စနစ်သစ်ပညာရေးက သူများနိုင်ငံတွေနဲ့ ယှဉ်နိုင်အောင် ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေကို အကောင်းဆုံး အဆင့်မီ ပြင်ထားတာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ကတည်းက Grade-12 ကို ပြောင်းလဲတာ ဖြစ်တယ်။ ကျွန်တော့်ကျောင်းက ၂၀၂၄ ခုနှစ် မှာ ၆၀ ဒသမ ၈၉ ရာခိုင်နှုန်း အောင်ခဲ့တာဆိုတော့ အားရမှုရှိပါတယ်။ အောင်ချက်လည်း အများကြီးတက်ခဲ့ပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့၊ ဇွဲမလျှော့ဖို့၊ အခွင့်အခါကောင်းရင် ကိုယ့်အတွက်လည်း အခွင့်အရေးတွေ အများကြီးရရှိမှာ ဖြစ်တဲ့အတွက် အားလုံးလာရောက်ပြီး ဝင်ရောက်ဖြေဆိုကြပါလို့ တိုက်တွန်းချင်ပါတယ် ဟု ဖြေကြားသည်။

ကျောင်းသူ မိခင်တစ်ဦးကလည်း “ကျောင်းသားကတော့ စာကျက်မှရမယ်။ နေ့စဉ်ပုံမှန် စာကျက်မှဖြစ်မယ်။ မိဘတွေအနေနဲ့က စာကျက်ဖို့တိုက်တွန်းပေမယ့်လည်း သူတို့ကိုယ်တိုင်ကျက်မှရမှာ၊ ကိုယ်ကျက်မှကိုယ်ရမယ်။ ဆရာ ဆရာမတွေ အနေနဲ့ကတော့သင်ပေးမယ်။ အကုန်လုံးကိုတော့ ချောချောမောမော ဖြေဆိုအောင်မြင်စေချင်တယ်။ ပြီးတော့ သူကျက်ထားတဲ့ စာတွေနဲ့လည်း တိုးစေချင်တယ်။ ကိုယ့်သမီးတစ်ယောက်တည်းတော့ မဟုတ်ဘူး။ ကျောင်းသား ကျောင်းသူတိုင်းကို အောင်စေချင်ပါတယ်ဟု သူ့အမြင်ကို ပြောကြားသည်။

သတင်းစဉ်