Skip to main content

ငလျင်ဒဏ်သင့်နေရာများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Max Cement တောင်ဖီလာဘိလပ်မြေစက်ရုံက နေ့စဉ် တန် ၁၅၀၀ မှ တန် ၁၈၀၀ အထိ ထုတ်လုပ်လျက်ရှိ ရေရှည်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်လည်း စီမံဆောင်ရွက်ထားပြီးဖြစ်

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် တောင်ဖီလာဒေသတွင် တည်ရှိသည့် Max Cement တောင်ဖီလာဘိလပ် မြေစက်ရုံက ငလျင်ဘေးသင့်ခဲ့​သော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ငလျင်ဘေးသင့်ဒေသများ အမြန်ဆုံး ပြည်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် တစ်နေ့လျှင် ဘိလပ်မြေတန် ၁၅၀၀ မှ တန် ၁၈၀၀ အထိ ပုံမှန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျွန်မတို့ မြန်မာ့သတင်းစဉ် သတင်းအဖွဲ့က Max Cement တောင်ဖီလာ ဘိလပ်မြေစက်ရုံ အထွေထွေမန်နေဂျာ ဒေါ်မွန်မွန်သက်နှင့် အရောင်းမန်နေဂျာ ဦးဝင်းဇော်တို့ကို သွား​ရောက်တွေ့ဆုံပြီး သိရှိလိုသည်များကို ​မေးမြန်းခဲ့ပါသည်-

Max Cement တောင်ဖီလာ

ဘိလပ်မြေစက်ရုံ

အထွေထွေမန်နေဂျာ ဒေါ်မွန်မွန်သက်

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ကျွန်မတို့စက်ရုံမှာ လျှပ်စစ်မီး ရက်အနည်းငယ်ပြတ်တောက်ခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ လျှပ်စစ်မီးရရှိတာနဲ့တစ်ပြိုင်တည်း စက်ရုံထဲမှာရှိတဲ့ ထရန်စ​ဖော်မာ ၁၅ လုံးကို လိုက်လံစစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးပြီးတာနဲ့ ဧပြီလ ၃ ရက်နေ့မှာ စက်ရုံတစ်ရုံလုံး ပြန်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ပြီးတာနဲ့တစ်ပြိုင်တည်း နိုင်ငံတော်ရဲ့ ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် တာဝန်ရှိသူတွေရဲ့ ညွှန်ကြားမှုနဲ့အတူ ကျွန်မတို့ ဝိုင်းဝန်းဆောင်ရွက်ခဲ့လို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အပိုင်းကို ချက်ချင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်

နေ့တိုင်း ဘိလပ်မြေတန် ၁၅၀၀ နဲ့ တန် ၁၈၀၀ ကြား ထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းပြတ်လတ်မှုမရှိအောင် နှစ်အလိုက် စုစည်းသိုလှောင်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုအပိုင်းနဲ့ပတ်သက်ပြီး အခက်အခဲမရှိပါဘူး။ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး စက်အနည်းငယ်ချွတ်ယွင်းမှုရှိခဲ့ရင် ချက်ချင်းပြန်လည် လည်ပတ်နိုင်အောင် ပြည်တွင်းပြည်ပ ပညာရှင်တွေစက်ရုံမှာ အမြဲအဆင်သင့်ရှိနေတဲ့အတွက် ရေရှည်ထုတ်လုပ်သွားဖို့ အဆင်ပြေပါတယ်

လက်ရှိတွင် Max Cement တောင်ဖီလာ ဘိလပ်မြေစက်ရုံမှထုတ်လုပ်သည့် ဘိလပ်မြေများကို နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ငလျင်ဘေးသင့်ခဲ့သည့် ဌာနဆိုင်ရာများ၊ အစိုးရရုံးဌာနများ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ် များသို့ ဦးစားပေးဖြန့်ဖြူရောင်းချပေး လျက်ရှိကြောင်း​ပြောသည်။

စက်ရုံအနေနဲ့ ထုတ်လုပ်မှုအပိုင်းမှာဝယ်လိုအား လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နေရပေမယ့်လည်း ဘိလပ်မြေရဲ့ အရည်အသွေးပိုင်း ထိခိုက်မှုမရှိအောင်၊ သတ်မှတ် စံချိန်စံညွှန်းနဲ့အညီဖြစ်အောင် ပြည်တွင်းပြည်ပ ပညာရှင်များပါဝင်တဲ့ အရည်အသွေးစစ်ဆေးရေးအဖွဲ့နဲ့ နေ့စဉ်စနစ်တကျ ကြပ်မတ်စစ်ဆေးပြီး ထုတ်လုပ်လျက်ရှိပါတယ်။ တောင်ဖီလာဘိလပ်မြေစက်ရုံကို စက်စွမ်းအားပြည့် လည်ပတ်နိုင်မယ်ဆိုရင် တစ်နေ့ကို ဘိလပ်မြေတန်ချိန် ၂၁၀၀ အထိ ထုတ်လုပ်နိုင်ပါတယ်။ ဒီလို စွမ်းအားပြည့် စက်ရုံလည်ပတ်နိုင်အောင် စက်မှုဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ ပူးပေါင်းကူညီ ဆောင်ရွက်မှုနဲ့အတူ ပြည်ပပညာရှင်တွေကို ထပ်မံခေါ်ယူဖို့ စီမံဆောင်ရွက် လျက်ရှိပါတယ်

နေပြည်တော် Max Cement ဘိလပ် မြေစက်ရုံအနေဖြင့် ထုတ်လုပ်မှုအပိုင်း လျော့ကျမှု မရှိစေရေးအတွက် ဝန်ထမ်းအင်အား ၄၀၀ ကျော်အပြင် ပြည်တွင်း ပြည်ပ ပညာရှင်များဖြင့် ၂၄ နာရီပတ်လုံး လည်ပတ်လျက်ရှိကြောင်း၊ အရန် ဓာတ်အားအနေဖြင့် 2 KVA အရန်မီးစက် သုံးလုံး အသင့်ပြင်ဆင်ထားရှိပြီး စက်ရုံအရှိန်အဟုန်မပျက် လည်ပတ်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် စက်ရုံအတွက်လိုအပ်သည့် စက်အရန်ပစ္စည်းများကိုလည်း အဆင်သင့် ဝယ်ယူစုဆောင်းထားရှိကြောင်း သိရသည်။

Max Cement တောင်ဖီလာ

ဘိလပ်မြေစက်ရုံမှ

အရောင်းမန်နေဂျာ ဦးဝင်းဇော်

ကျွန်တော်တို့ စက်ရုံကထုတ်လုပ်ထားတဲ့ ဘိလပ်မြေတွေကို ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ ဝန်ကြီးဌာနတွေကို ဦးစားပေးဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေ ပြုပြင်ဖို့ အတွက် ဝယ်ယူရင် တစ်အိတ်ကို ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ရောင်းချပေးပါတယ်။ ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ ပြည်သူတွေ အနေနဲ့ ဝယ်ယူချင်တယ်ဆိုရင် ကျွန်တော်တို့ကို တိုက်ရိုက်မှာယူပြီး ဝယ်ယူနိုင်ပါတယ်။ အများပြည်သူတွေကို သယ်ယူ စရိတ်မပါ စက်ရုံအထိုင်ဈေးအနေနဲ့ တစ်အိတ်ကို ငွေကျပ် ၂၃၀၀၀ နှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ပြင်ပဈေးကွက်မှာ စက်ရုံက သတ်မှတ် ပေးထားတဲ့ ဈေးနှုန်းထက် အဆမတန်ဈေးတင်ပြီး ရောင်းချမှုတွေမရှိရအောင် စက်ရုံက တိုက်ရိုက်မှာယူနေတဲ့ ကိုယ်စားလှယ်တွေကို သတ်မှတ်ဈေးနှုန်းနဲ့ ပြန်လည်ရောင်းချပေးဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးပြီးမှ ဖြန့်ချိပေးတာပါ

Max Cement တောင်ဖီလာဘိလပ် မြေစက်ရုံမှ နေ့စဉ်ထုတ်လုပ်လျက်ရှိသည့် ဘိလပ်မြေများကို သိုလှောင်ထားခြင်းမရှိဘဲ အမှန်တကယ်လိုအပ်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းခွင်များနှင့် သုံးစွဲသူများ လက်ဝယ်သို့ ဖြန့်ခွဲရောင်းချ ပေးလျက်ရှိကြောင်း ​ပြောသည်။

အခုဆိုရင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုတွေများပြားတဲ့အတွက် ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေအနေနဲ့ တိုက်ရိုက်မှာယူပြီး ဝယ်နေတာတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့စက်ရုံအနေနဲ့ ဦးစားပေးရောင်းချရမယ့် အပိုင်းတွေကို စိစစ်ရောင်းချပေးသလို အခြားလိုအပ်တဲ့ နေရာတွေကိုလည်း လစ်ဟာမှုမရှိအောင်ထုတ်လုပ်မှုနဲ့ ဖြန့်ချိမှုကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ကြီးဌာနတွေ၊ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ မှာယူတဲ့အခါ တစ်ရက်သုံးစွဲနိုင်တဲ့ ပမာဏအပေါ်မူတည်ပြီး တည်ဆောက်ပြုပြင်ရေး လုပ်ငန်းတွေ လည်ပတ်နိုင်အောင် နေ့စဉ်ခွဲဝေဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါတယ်

Max Cement တောင်ဖီလာဘိလပ်မြေ စက်ရုံအနေဖြင့် ငလျင်လှုပ်ခတ်ခဲ့သည့် အချိန်မှစတင်ပြီး ယနေ့အချိန်အထိ ဘိလပ်မြေတန်ချိန် ၃၂၀၀၀ ကျော် အိတ်ရေ ၆ သိန်းကျော်ကို ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

လတ်တလောကာလမှာ ဘိလပ်မြေ မှာယူလိုသူတွေအနေနဲ့ အမှန်တကယ်သုံးစွဲလိုတဲ့ ပမာဏကိုပဲ မှာယူစေလိုပါတယ်။ ပြင်ပဈေးကွက်မှာ ဘိလပ်မြေဈေးနှုန်း အဆမတန်တင်ပြီး ရောင်းချနေ တာတွေကို မဝယ်ယူကြပါနဲ့။ ကျွန်တော် တို့အနေနဲ့ ရေရှည်ဖြန့်ဖြူးရောင်းချပေးနိုင်ဖို့ စီမံဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဘိလပ်မြေဝယ်သူတွေအနေနဲ့ သယ်ယူဖို့ အခက်အခဲရှိတယ်ဆိုရင် စက်ရုံအထိုင်သတ်မှတ်ဈေးနှုန်းအပြင် သယ်ယူခပါပေးချေပြီး ဝယ်ယူနိုင်ပါတယ်

နိုင်ငံတော်က ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအသုံးပြုနိုင်ရန် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် ထုတ်လုပ်ဖြန့်ဖြူးနိုင် ရေးအတွက်လိုအပ်သည့် အကူအညီများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။