နေပြည်တော် မတ် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော နိုင်ငံတကာမှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသုံးသပ်သူများအား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lakeview Resort ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒေါက်တာ ကံဇော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညစာစားပွဲ မစတင်မီပြည်ထောင်စုဝန်ကြီးများက ညစာစားပွဲသို့ တက်ရောက်လာကြသော နိုင်ငံတကာမှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသုံးသပ်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ထို့နောက် “ရွှေမြန်မာနိုင်ငံ (Golden Land Myanmar)” မှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိအနေဖြင့် အဆွေတော်တို့ကို မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ ယခုကဲ့သို့ ညစာစားပွဲဖြင့် ကြိုဆိုခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အဆွေတော်တို့အနေဖြင့် Keynote Speaker အနေဖြင့်ဖြစ်စေ၊ ဆွေးနွေးသူ Panelist အနေဖြင့် ဖြစ်စေ၊ လေ့လာသူ Observer အနေဖြင့် ဖြစ်စေ ယခုသုံးသပ်ဆွေးနွေးပွဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပေးသည့်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း။
အဆွေတော်တို့ သိပြီးဖြစ်သည့်အတိုင်း ယနေ့ကမ္ဘာ့အခြေအနေ အရပ်ရပ်သည် ဗဟုဝင်ရိုးကမ္ဘာအဖြစ် ကူးပြောင်းနေပြီဖြစ်ပါကြောင်း၊ ဤကဲ့သို့ ကူးပြောင်းလာသည့်အတွက် ဘယ်လိုစိန်ခေါ်မှုများရှိလာမလဲ၊ ဘယ်လိုအခွင့်အလမ်းများရလာမလဲ၊ မိမိတို့လို နိုင်ငံငယ်လေးများအနေဖြင့် ဗဟုဝင်ရိုးကမ္ဘာ၌ ဘယ်လိုရပ်တည်ချက်မျိုးထားရှိကြမလဲဆိုသည်ကို ဆွေးနွေးအဖြေရှာရန်အတွက် မိတ်ဆွေများကို ဖိတ်ခေါ်ပြီး ယခုလိုသုံးသပ်ဆွေးနွေးပွဲတစ်ခုအနေဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း။
အဆွေတော်တို့သည် အတွေ့အကြုံရှိကြသူများ ဖြစ်သည်နှင့်အညီ ဆွေးနွေးချက်များ၊ သုံးသပ်ချက်များက မိမိတို့အတွက် တန်ဖိုးကြီးသလို တန်ဖိုးထားကြောင်းလည်း ပြောကြားလိုပါကြောင်း။
ဤဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် ဝိုင်းဝန်းကူညီပေးကြသည့် အဆွေတော်တို့နှင့်တကွ သက်ဆိုင်ရာသံရုံးများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Fudan တက္ကသိုလ်မှ ပါမောက္ခ Mr. Zhang Wei နှင့် အိန္ဒိယနိုင်ငံကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီမှ သုတေသနပညာရှင် Mr. Sripathi Narayana တို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညစာစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသုံးသပ်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ညစာစားပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တေးသံရှင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့သည်။
အဆိုပါနိုင်ငံတကာမှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသုံးသပ်သူများသည် ယနေ့နံနက်ပိုင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြပြီး ကျောက်မျက်ရတနာပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်