နေပြည်တော် မတ် ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ရွှေနတ်တောင်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ သွားရောက်၍ စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့နယ် အမှတ် (၈) အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ်နှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံတည်ဆောက်နေမှုများ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးမြောက်ရေး၊ သင်ကြားရေးနှင့် စီမံရေးရာကိစ္စရပ်များ အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျောင်းပြင်ပညာရေးကဏ္ဍ၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မော်လမြိုင် အ.ထ.က (၂) လှိုင် စာသင်ဝိုင်း၊ အ.မ.က (၆) ဇေယျာသီရိစာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်