Skip to main content

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၂၂) ကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

နေပြည်တော် မတ် ၂၁

မလေးရှားနိုင်ငံ ပီနန်းမြို့၌ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၂၂) ကြိမ်မြောက်အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၂၂) ကြိမ်မြောက်အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံနှင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်း အဖွဲ့ခေါင်းဆောင်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ တီမောလက်စတေနိုင်ငံမှ ကိုယ်စားလှယ် များ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်ရေးဆွဲရေးဆိုင်ရာလုပ်ငန်း အဖွဲ့၏ပူးတွဲဥက္ကဋ္ဌများနှင့် အာဆီယံပေါင်းစည်းဆက်သွယ်ညှိနှိုင်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့် မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ခဲ့ရာ သက်ဆိုင်ရာမဏ္ဍိုင်များမှ ကိုယ်စားလှယ်များက သက်ဆိုင် ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာစီမံကိန်းများရေးဆွဲမှု၏ တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး မဟာဗျူဟာစီမံချက်များ ရေးဆွဲရေးနှင့် အပြီးသတ်ဆောင်ရွက်‌ရေးတို့အပေါ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ ကွာလာလမ်ပူကြေညာချက်စာတမ်းအား တတိယအကြိမ် ညှိနှိုင်းဆွေးနွေးမှု ပြီးစီးခဲ့ပြီး မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဟာဗျူဟာစီမံချက်ပါ မဟာဗျူဟာမြောက် မျှော်မှန်းချက်များကို အပြီးသတ်အတည်ပြုနိုင်ခဲ့ကာ မဟာဗျူဟာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မှုအပေါ် စောင့်ကြည့်လေ့လာရေးနှင့် ပြန်လည်သုံးသပ်ရေးယန္တရား၊ ဆက်သွယ်ရေးအစီအစဉ်နှင့် ၂၀၂၅ ခုနှစ် မေလတွင် ကျင်းပမည့် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (ACC) သို့ တင်သွင်းမည့် အစီရင်ခံစာကို အပြီးသတ်ဆွေးနွေးအတည်ပြုခဲ့ကြသည်။ ထို့အပြင် အာဆီယံအသိုက်အဝန်း ၂၀၄၅ အတွက် စာအုပ်ခေါင်းစဉ်အား ASEAN 2045: Our Shared Future ဟူသည့် ခေါင်းစဉ်ကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။

အဆိုပါအစည်းအဝေး၌ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အချိန်မီအတည်ပြုနိုင်ရေးနှင့် စာအုပ်ထုတ်ဝေရေးတို့အတွက် သတ်မှတ်ထားသော အချိန်အတွင်း အပြီးသတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်ရှိပါကြောင်း သတင်းရရှိသည်။

သတင်းစဉ်