Skip to main content

အိန္ဒိယနိုင်ငံ၏ Quick Impact Projects အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော စီမံကိန်းပိတ်ပွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ Departmental E-library Project ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၂၁

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူသည် ယနေ့မွန်းလွဲပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပသည့် အိန္ဒိယနိုင်ငံ၏ Quick Impact Projects အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် Departmental E-library Project နှင့် Water Supply Using Solar Power in the Drought Affected Villages of Central Dry Zone of Myanmar Project တို့၏ စီမံကိန်းပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက အိန္ဒိယနိုင်ငံ၏ ကူညီပေးမှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန စာကြည့်တိုက်ကို Departmental E-library အဖြစ် အဆင့် မြှင့်တင်နိုင်ခဲ့ပြီဖြစ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ် အထောက်အကူပြု အချက်အလက်များနှင့် သုတ/ ရသစာပေများအား Electronic ပုံစံဖြင့် တစ်နေရာတည်းတွင် ရှာဖွေဖတ်ရှုနိုင်မည် ဖြစ်ပြီး ဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် အင်တိုင်းကြီးကျေးရွာအုပ်စု ကဒေါင်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ဇရပ်ကုန်းကျေးရွာအုပ်စု ဆူးရစ်တန်းကျေးရွာတို့တွင် ဆိုလာစနစ်အသုံးပြုပြီး အဝီစိတွင်းတူးဖော်ခြင်းနှင့် ရေတင်ခြင်းလုပ်ငန်းနှစ်ခုကို ဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်းနှစ်ခု အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးပေးကြသော အိန္ဒိယနိုင်ငံအစိုးရနှင့်တကွ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ရှေ့ဆက်၍လည်း မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရင်းနှီးနွေးထွေးသည့် ဆက်ဆံရေးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur က စီမံကိန်းလုပ်ငန်းများ အချိန်တိုအတွင်း အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူစကားပြောကြားခြင်း၊ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်း ဆောင်ရွက်မှု Video Clip ကြည့်ရှုခြင်း၊ Departmental E-library ၏ စီမံကိန်းဆိုင်းဘုတ်ကိုတက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ကြသည်။

သတင်းစဉ်