နေပြည်တော် မတ် ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစတာဗို ရော်ချာဒီ မင်နင်းဇီးစ်အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ-ဘရာဇီး နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲရလဒ်များ၊ မြန်မာနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့အကြား ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု (South-South Cooperation) အောက်တွင် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အရ မြန်မာနိုင်ငံ၌ မြွေဆိပ်ဖြေဆေး အရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များ တိုးမြှင့်နိုင်ရေးအပါအဝင် ဘရာဇီးနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံ ကောင်စစ်ရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် BRICS အဖွဲ့၊ ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ကိစ္စရပ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်