နေပြည်တော် မတ် ၂၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဆဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ယခုနှစ်တွင် ဇီဝဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၀ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၆၅ ခု စာစစ်ဌာနစုစုပေါင်း ၇၇၅ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၈၈၈၄၈ ဦးရှိပြီး ဇီဝဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၅၄၃၆ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၆ ဒသမ ၁၆ ရာခိုင်နှုန်းရှိကြောင်းနှင့် ဘောဂဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၄ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၀၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၃၁၉၉၅ ဦးရှိပြီး ဘောဂဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၃၀၁၈ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၃ ဒသမ ၂၀ ရာခိုင်နှုန်းရှိကြောင်းတို့ကို ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုနှင့်ပတ်သက်၍ စကားသံများကို ယခုလို ကြားသိရသည်။
“ဒီနေ့ဖြေဆိုတဲ့ ဇီဝဗေဒဘာသာမှာတော့ ကျေနပ်အားရမှု ရှိခဲ့ပါတယ်။ အခက်အခဲဆုံးဖြစ်ခဲ့ရတာကတော့ သင်္ချာပေါ့နော်။ ဒါပေမယ့် အကောင်းဆုံးတော့ ဖြေဆိုခဲ့ပါတယ်။ ရည်မှန်းချက် ကတော့ အမျိုးသမီးဗိုလ်လောင်း တက်ချင်ပါတယ်။ ဇီဝဗေဒမှာတော့ ဂုဏ်ထူးမှတ်ပါစေချင်တယ်။ ပါအောင်လည်းကြိုးစားခဲ့ပါတယ်။ တကယ်လို့ပါခဲ့ရင် အမျိုး သမီးဗိုလ်လောင်းလျှောက်မှာပါ။ ကိုယ့်ကိုယ်ကိုယ်တော့ ယုံကြည်ထားတယ်။ အကောင်းဆုံးလည်း ဖြေခဲ့ပါတယ်” ဟု တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသူတစ်ဦးက ပြောသည်။
“ကျွန်တော်ကတော့ စာမေးပွဲကြီးကြပ်ရေးမှူး တာဝန်ယူထားပါတယ်။ ဒီနေ့ဖြေတဲ့ ဘာသာကတော့ ဇီဝဗေဒနဲ့ ဘောဂဗေဒ ဘာသာရပ်ဖြစ်ပါတယ်။ ဇီဝဗေဒကတော့ ၁၇၀ ရှိပြီးတော့ ၁၆၂ဦး ဖြေဆိုပါတယ်။ ရှစ်ဦးပျက်ကွက်ပါတယ်။ ဘောဂဗေဒကတော့ ၁၉၇ ဦးရှိပြီးတော့ ၁၈၃ ဦး ဖြေဆိုပါတယ်။ ၁၄ ဦး ပျက်ကွက်ပါတယ်။ ကျောင်းသားတွေအနေနဲ့ကတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှု အပိုင်းလေးတွေနဲ့ ဖြေဆိုကြပါတယ်။ ကျွန်တော်လိုက်ပြီးတော့ ကြည့်ရှု ကြီးကြပ်နေစဉ်မှာတော့ သူတို့တတ်နိုင်တဲ့ အင်အားလေးတွေနဲ့ အခုလိုဖြေဆိုကြတယ်ပေါ့။ သူတို့ ကျက်မှတ်ထားတဲ့ ဟာလေးတွေဖြေဆိုကြတယ်။ ဖြေပြီးတော့ထွက်လာတဲ့အခါကျတော့လည်း အားလုံးကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ငါကဘယ်လောက်ဖိုး၊ မင်းဘယ်လောက်ဖိုး ဖြေခဲ့တယ်။ ဘယ်နှစ်မှတ်ရလဲ အကုန်တိုက်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ထွက်လာတာကို တွေ့ရှိရပါတယ်။ အဲဒါကြောင့်သားတွေ၊ သမီးတွေ၊ ဒီနေ့ဖြေဆိုထားတဲ့ ဇီဝဗေဒနဲ့ဘောဂဗေဒဖြေဆိုသူ ကျောင်းသား ကျောင်းသူအားလုံး အောင်မြင်ကြပါစေလို့ ဆရာကြီးက ဆုတောင်းပေးပါတယ်” ဟု ကြီးကြပ်သူတစ်ဦးကပြောကြားသည်။
သတင်းစဉ်