ဗဟုဝင်ရိုးကမ္ဘာဟုဆိုသည့် ဝင်ရိုးစုံကမ္ဘာ (Multipolar World)သည် ယခင်က ကမ္ဘာ့စင်မြင့်ပေါ်တွင် အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံတည်းက လွှမ်းမိုးကြီးစိုးခဲ့ရာမှ ယခုအခါအဆိုပါအခင်းအကျင်းများနှင့် မတူတော့ဘဲ နိုင်ငံများစွာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများစွာတို့သည် သိသာထင်ရှားသော စုစည်းမှုစွမ်းအားများဖြာထွက်လာပြီး ကမ္ဘာ့စင်မြင့်ပေါ်တွင် နိုင်ငံစုံဩဇာသက်ရောက်လာသည့် အစီအစဉ်သစ်ဖြစ်သည်။
တစ်နည်းဆိုလျှင် အင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို ပြန်လည်စိန်ခေါ်လာနိုင်ပြီး ကမ္ဘာကြီးတွင် ယခင်ကကဲ့သို့ တစ်ဖက်စောင်းနင်းမဖြစ်တော့ဘဲ ပါဝါဟန်ချက်ကို ထိန်းညှိလာနိုင်ခြင်းဖြစ်သည်။ ဗဟုဝင်ရိုးကမ္ဘာ့အစီအစဉ်များတွင် နိုင်ငံများသည် ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးပကတိအခြေအနေများနှင့် လိုက်လျောညီထွေရပ်တည်နိုင်ရန် ဆောင်ရွက်လာကြသည်။ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကမ္ဘာ့အစီအစဉ်သစ်ထဲတွင် ပါဝင်လာကြခြင်းသည် နက်နဲသိမ်မွေ့ပြီး မျှတမှု၊ ပေါင်းစည်းမှု၊ တည်ငြိမ်အေးချမ်းမှုတို့ကို တိုးတက်ရရှိစေမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ကြမှသာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပြောင်းလွယ်ပြင်လွယ်ဖြစ်စေပြီး မလိုအပ်သည့် ဖိအားများကို မိတ်ဖက်များ၏ ပေါင်းစည်းအားဖြင့် ကြံ့ကြံ့ခံရပ်တည်လာနိုင်မည်ဖြစ်သည်။ စီးပွားရေးအရ၊ လုံခြုံရေးအရ၊ နည်းပညာအရဟူသည့် မတူညီသည့်နယ်ပယ်အသီးသီးတွင် လိုက်ဖက်ညီအောင် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရာ၌ အထူးသဖြင့် စီးပွားရေးပိုင်းတွင် ပြောင်းလဲလာသော ကမ္ဘာ့အစီအစဉ်သစ်နှင့် လိုက်ဖက်ညီအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ဈေးကွက်တစ်ခုတည်း အလွန်အမင်းမှီခိုခြင်းကို လျှော့ချကြရမည်ဖြစ်သည်။ ကုန်သွယ်ဆက်ဆံရေးကို ဒေသစုံတွင် ဖြန့်ကြက်နိုင်အောင် မြှင့်တင်ကြရမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ပြတ်တောက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန်အတွက် စီးပွားရေးပေါင်းစပ်မှုများကို ပြုလုပ်ကြရန်လိုသည်။ ဒေသတွင်းကုန်ထုတ်လုပ်မှုဈေးကွက်များ အားကောင်းလာစေရန် ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။ နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားလုံခြုံရေးအတွက် အဓိကကဏ္ဍများဖြစ်သည့် စားရေရိက္ခာ၊ နည်းပညာနှင့်စွမ်းအင်ကဏ္ဍကဲ့သို့ အရေးပါသောလုပ်ငန်း များတွင် ပိုမိုရင်းနှီးမြှုပ်နှံကြရမည်ဖြစ်သည်။ နည်းပညာနှင့်ဒစ်ဂျစ်တယ် အချုပ်အခြာပိုင်ဆိုင်မှုသည် အဓိကရင်းနှီးမြှုပ်နှံရမည့် ကဏ္ဍများပင်ဖြစ်သည်။ အထူးသဖြင့် ဉာဏ်ရည်တု AI၊ ဆီမီးကွန်ဒတ်တာများနှင့် ဆိုက်ဘာလုံခြုံရေးများသည် အဆုံးအဖြတ်ပေးမည့် နည်းပညာကဏ္ဍများဖြစ်သည်။
လူမှုယဉ်ကျေးမှုအပိုင်းတွင် ပါဝါအရွေ့များဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်လာသဖြင့် ပြည်တွင်းတည်ငြိမ်ရေးသည် အဓိကအချက်ဖြစ်လာသည်။ သတင်းတု၊ သတင်းမှားများကို တိုက်ဖျက်ရန်လိုပြီး မီဒီယာအတတ်ပညာတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ပြည်ပဩဇာအရှိန်သက်ရောက်အောင် ကြိုးပမ်းနေမှုများကို တန်ပြန်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ပုံရိပ်ကို အမျိုးမျိုးဖျက်နေကြသည့် မီဒီယာအရေခြုံများ၊ ပြည်ပအထောက်အပံ့ခံမီဒီယာများ၏ မမှန်မကန်လုပ်ကိုင်နေမှုများကို ပြောင်းလဲလာသော ဗဟုဝင်ရိုးကမ္ဘာ့အထိုင်သစ်နှင့် လိုက်လျောညီထွေစွာအလျင်အမြန် ပြန်လည်ချေဖျက်ပြီး နိုင်ငံ့ပုံရိပ်ကို မြှင့်တင်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နှင့် အိမ်နီးချင်းငါးနိုင်ငံအပါအဝင် လူဦးရေလေးဘီလီယံနီးပါးရှိပြီး ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိသည့်အတွက် မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများကို တင်ပို့နိုင်သောအခွင့်အလမ်းရှိသည့် ဈေးကွက်အခိုင်အမာရှိပြီးဖြစ်သဖြင့် ရှိပြီးအရင်းအမြစ်များကို ထိရောက်စွာအသုံးချတတ်ရန်လိုသည်။ မူလအရေးပါသည့်တန်ဖိုးများကို အရာရောက်အောင် ကြိုးပမ်းအားထုတ်ကြရန်လိုသည်။ မြတ်ဗုဒ္ဓဟောတော်မူသော သင်္ခါရလောက၊ မတည်မြဲသည့် လောကနိယာမတို့အရ အားကြီးသူတို့ခင်းသည့်လမ်းကိုလျှောက်ကြရသည့် ဒွိဝင်ရိုးကမ္ဘာ့အထိုင်၊ ဧကဝင်ရိုးကမ္ဘာ့အထိုင်တို့ ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်သည်။ အဟောင်းအဟောင်း တို့ချုပ်ငြိမ်းပြီးနောက် အသစ်အသစ်တို့ အစားထိုးဝင်ရောက်လာသကဲ့သို့ ဗဟုဝင်ရိုးကမ္ဘာ့အထိုင်သစ် မကြာသေးမီကပေါ်ပေါက်လာသည်။ အပြောင်းအလဲနှင့်အတူ လိုက်ပါမပြောင်းလဲပါက မှေးမှိန်ပျောက်ကွယ်နိုင်သည့် ကမ္ဘာ့နိယာမအရ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာ့ရေစီးကြောင်းတွင် မဖြစ်မနေလိုက်ပါ ပြောင်းလဲရမည်ဖြစ်သည်။
ဝင်ရိုးစုံကမ္ဘာသစ်အဖြစ် ပြောင်းလဲလာပြီဖြစ်သော ကမ္ဘာ့အခြေအနေကို ယခုကျင်းပခဲ့သော သုံးသပ်ဆွေးနွေးပွဲမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိခဲ့ပြီဖြစ်သည်။ တက်ရောက်လာကြသူများနှင့် ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးကို စိတ်ဝင်စားသူ မြန်မာနိုင်ငံသားများ သိရှိသဘောပေါက်ကြပြီဖြစ်သည်။ အလားတူဖြစ်ပေါ်လာသော အခင်းအကျင်းအသစ်ကို မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး နားလည်သဘောပေါက်စေရန် အသိအမြင်များ ဆက်လက်မျှဝေပေးကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများ များစွာကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ အဆိုပါအခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရန်အတွက် နိုင်ငံသူနိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်မြန်မာ့ပုံရိပ်ကို ပုံဖော်ထုဆစ်မြှင့်တင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။