Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး လေးမျက်နှာမြို့နယ် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီး တံတား တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာသို့ သွားရောက်၍ တောင်သူဦးသန်းမြင့်၏ ပီလောပီနံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း၌ ပီလောပီနံများရေဆေးသန့်စင်ကြိတ်ခွဲခြင်း၊ အခြောက်လှန်းခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပီလောပီနံ ၃၇၄၂၉ ဧက စိုက်ပျိုးထားရာ ဟင်္သာတ၊ လေးမျက်နှာ၊ ကျုံပျော်မြို့နယ်များ ၌ ၂၈၀၆၄ ဧက စိုက်ပျိုးကြပြီး ၎င်းတို့အနက် သမဝါယမစနစ်ဖြင့် စိုက်ပျိုးသော ၂၁၉၁ ဧကကို တိုင်းဒေသကြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ပံ့ပိုးပေးထားကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရှမ်းရွာကျေးရွာသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကျေးရွာတွင်းလျှပ်စစ် မီးသွယ်တန်းရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လေးမျက်နှာမြို့နယ်ခတ္တူကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့၏ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးခဲ့သော ခတ္တူကြိုးတံတား ၁၆၅ ပေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ပေးခဲ့သော သံကူကွန်ကရစ်တံတား ပေ ၂၂၀ တည်ဆောက်ပြီးစီးမှုကို လည်းကောင်း၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆက်လက် ဆောင်ရွက်ပေးမည့် ခတ္တူ-ခုံကြီး- ခြောက်ဆယ် - ရိုးကြီးလမ်း သုံးဖာလုံ ကျောက်ချောခင်းခြင်း လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သက္ကရာဇ် ၄၂၀ ပြည့် နှစ်၌ ပုဂံပြည့်ရှင်အနော်ရထာ မင်းကြီးတည်ထားကိုးကွယ် တော်မူခဲ့သော သမိုင်းဝင်စတုမုခ ထူပါရုံစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကန်တော့၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးနေသော ငဝန်မြစ်ကမ်းထိန်းလုပ်ငန်းများကို လိုက်လံကြည့်ရှုသည်။

ဆက်လက်၍ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများကို မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ လေးမျက်နှာ မြို့လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက်ပြီး ဆရာတော်အား ဖူးမြော်ကန်တော့၍ ကျောင်းသားများအတွက် အလှူငွေနှင့်ဆန်ဆီတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်