နေပြည်တော် မတ် ၂၃
နှစ်(၈၀)ပြည့်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီး စစ်ရေးပြတပ်ခွဲတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအားသွားရောက်ဖူးမြော် ကြည်ညိုကြသည်။
အဆိုပါ နှစ်(၈၀)ပြည့်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ ဘုရားဖူးလာစစ်ရေးပြ စစ်ကြောင်းများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။
ထို့နောက် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အအုံ များကို ဆက်လက်ဖူးမြော် ကြည်ညိုကြသည်။
နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိ ခဲ့ရသည်။
“မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာဆိုရင် ဂန္ဓကုဋိတိုက်၊ ကျောက်စာရုံနဲ့ရေပန်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အခုလိုပင်ပန်းနွမ်းနယ်နေတဲ့ ကြားကနေပြီးတော့ ကျွန်တော်တို့ ဗဟုသုတ တိုးပွားအောင်လို့ သွားရောက်လည်ပတ်ဖြစ်အောင် လိုက်လံပို့ဆောင်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တကွ တာဝန်ရှိသူတွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ယခုနှစ်(၈၀)ပြည့် တပ်မတော်နေ့မှတိုင် နောင်နှစ် ပေါင်း များစွာတိုင်အောင် တပ်မတော်ကြီး အဓွန့်ရှည်တည်တံ့ပါစေ”ဟု တပ်မတော်(ရေ)မှ အရာရှိ တစ်ဦးက ပြောကြားသည်။
“အခုလိုမျိုး ကမ္ဘာပေါ်မှာအကြီးမားဆုံး ထိုင်တော်မူကျောက်ဆစ်ဘုရားကို လာဖူးရတဲ့အတွက်ကြောင့် ပထမဆုံးအနေနဲ့ ဖူးရတာဆိုတော့ မြန်မာနိုင်ငံအတွက်လည်း အလွန်ဂုဏ်ယူမိတယ်။ ဗဟုသုတတွေလည်း အများကြီးရတယ်။ နှစ်(၈၀) ပြည့် တပ်မတော်နေ့မှာ ပါဝင်ခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလိုမျိုး လေ့လာရေးခရီးတွေပို့ဆောင်ပေးတဲ့ အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု အမျိုးသမီးစစ်ရေးပြတပ်ခွဲမှ စစ်သမီးတစ်ဦးက ပြောပြသည်။
“ကျွန်တော်တို့က အောင်ဆန်းစစ်ကြောင်းအဖွဲ့ကဖြစ်ပြီးတော့ ကျွန်တော်တို့ မာရဝိဇယဘုရားကိုလာပြီးဖူးတာပါ။ ဘုရားက အလွန်သပ္ပာယ်ပြီးတော့ ကြည်ညိုဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့အားလုံးပီတိလည်း ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို တကူးတက အခုလိုမျိုးလေ့လာရေးခရီးအနေနဲ့ အမှတ်တရတွေ၊ ကျွန်တော်တို့ရဲ့ဗုဒ္ဓနဲ့ဆိုင်တဲ့ စာပေကျမ်းဂန်တွေကို လေ့လာခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ နှစ်(၈၀)ပြည့်တပ်မတော်နေ့မှသည် နောက်လာမယ့်နှစ်ဆက်တိုင်းဆက်တိုင်း၊ တပ်မတော်နေ့ရက်တိုင်းမှာ တည်တံ့ခိုင်မာပြီးတော့ အင်အားတောင့်တင်းတဲ့ တပ်မတော်ကြီး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖြေကြားသည်။
သတင်းစဉ်