Skip to main content

တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူခြင်းနှင့် ရွှေဆိုင်းများ ပေးအပ်လှူဒါန်း

နေပြည်တော် မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူခြင်းနှင့် ရွှေဆိုင်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းထက်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရှမ်းပြည်နယ် သံဃနာယကဥက္ကဋ္ဌ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စေတီတော်တွင် ဆက်ကပ်လှူဒါန်းမည့် ရွှေဆိုင်းများကို လက်ယာရစ်သုံးပတ်လှည့်လည် ပူဇော်ကြပြီး ရွှေဆိုင်းများအား စေတီတော်သို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်