နေပြည်တော် မတ် ၂၃
မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး(၂ /၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီနည်းဥပဒေကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ရက် တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး (၁/၂၀၂၅)တွင် ဆုံးဖြတ်ချက်ရှစ်ခုအား ချမှတ်နိုင်ခဲ့ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအနေဖြင့် မူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခြင်းများအတွက် ဆုံးဖြတ်ခြင်းများအပေါ် အယူခံမှုများကို လက်ခံဆောင်ရွက်ရမည်ဖြစ်သဖြင့် အဖွဲ့ဝင်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေးများကို နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပုံမှန်ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ အေဂျင်စီ၏ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် အကြံပြုချက်များ တင်ပြဆွေးနွေးပေးရန် လိုအပ်ပါကြောင်း။
မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အယူခံစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်တို့အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်(SOP)များအား အေဂျင်စီနည်းဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အေဂျင်စီအနေဖြင့် ဥပဒေ၊ နည်းဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီက တာဝန်ပေးအပ်သော လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်