Skip to main content

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၆၀ ကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

နေပြည်တော် မတ် ၂၃

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာမှအဖွဲ့ အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်း ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့-မယ်ထော် သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ် နိုင်ငံသား ၁၆၀ ကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကို ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မတ် ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၈၂၀၂ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၅၁၄၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃၀၅၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်