ဇန်နဝါရီလ ၁၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်လာသည်။ နိုင်ငံတကာရှိနိုင်ငံခေါင်းဆောင်များ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံကြရင်း နိုင်ငံချင်းပိုမို ချစ်ကြည်ရင်းနှီးရေးကို ထူထောင်ကြ၏။ အတူတကွပူးပေါင်း လုပ်ကိုင်နိုင်ကြမည့် စီးပွားရေးလုပ်ငန်းများ ရှာဖွေစီစဉ်လုပ်ကိုင်ကြရင်း နှစ်နိုင်ငံလုံးအတွက် စီးပွားရေး တိုးတက်မြင့်မားနိုင်မည့်လမ်းများကို ထွင်ကြဖောက်ကြလေ့ရှိ၏။ သည်လိုနှင့်နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ကြကာ ပိုမိုချစ်ကြည်မှုကို ရရှိစေ၏။
နိုင်ငံနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုဟူသည် အစိုးရချင်း သက်သက် ဆက်ဆံရေးသာမဟုတ်ဘဲ နိုင်ငံသားအချင်းချင်း၏ ချစ်ကြည်ရင်းနှီးမှုကိုပါ ထူထောင်ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံသား အချင်းချင်းကြား ယုံကြည်မှုကို တည်ဆောက်ကြခြင်းလည်း ဖြစ်သည့်အားလျော်စွာ ပြည်သူလူထုတို့၏ ရေရှည်အကျိုးစီးပွား အစစ်အမှန်ကိုလည်း ရည်သန်ရန်လိုပါသည်။ ယုံကြည်မှုသည် ချစ်ခြင်းမေတ္တာအပေါ် အခြေခံရ၏။ ခိုင်မာသည့်၊ စစ်မှန်သည့် စိတ်သဘော ထားဖြင့် တစ်ဦး၏အကျိုးကို တစ်ဦးကလိုလားခြင်းရှိမှသာ ချစ်ခြင်းမေတ္တာကို တည်ဆောက်၍ရ၏။
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ ဘန်ဒေါင်းမူငါးချက်သည် ထင်ရှား၏။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ စီးပွားရေးသဘောတူညီချက်တစ်ခုကို ၁၉၅၄ ခုနှစ် ဧပြီလ ၂၄ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်၏။ ၁၉၅၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းသည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်စဉ် ထိုသဘောတူညီချက်ပါ မူငါးချက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဂျဝါဟလာနေရူးတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကာ ထပ်မံအတည်ပြုခဲ့ခြင်း ဖြစ်၏။
ထိုမူငါးချက်ကိုပင် ၁၉၅၅ ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာညီလာခံတွင် ဆွေးနွေးသဘောတူခဲ့ကြလေသည်။ ယင်းသဘောတူညီချက်ငါးချက်မှာ
- တစ်နိုင်ငံနှင့် တစ်နိုင်ငံ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို လေးစားမှုရှိရေး၊
- တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် မကျူးကျော်ရေး၊
- တစ်နိုင်ငံ၏ပြည်တွင်းရေးကို နိုင်ငံတစ်ခုခုက ဝင်ရောက်မစွက်ဖက်ရေး၊
- နိုင်ငံအချင်းချင်းကြား တန်းတူညီမျှရေးနှင့် အပြန်အလှန်အကျိုးပြုရေး၊
- ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဖြစ်၏။
ညီလာခံအပြီး အဆုံးအဖြတ်တွင် ဆုံးဖြတ်ချက်ဆယ်ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုထဲတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကို ထည့်သွင်းခဲ့သည်။ အထက်ပါ ဘန်ဒေါင်းမူငါးရပ်မှာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အမှန်တကယ် လိုက်နာကျင့်သုံးကြဖို့ လိုအပ်သည့်မူများဖြစ်ပါသည်။ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မျှော်ကိုးသည်ဆိုလျှင် အဆိုပါ မူငါးချက်ကို အခြေခံရမည်မှာ သေချာလှပေသည်။ နိုင်ငံတို့အကြား အင်အားကြီးသည်၊ ငယ်သည်မဟူတန်းတူညီမျှ ဆက်ဆံကြရန်သင့်၏ မဟုတ်ပါလော။ တစ်နိုင်ငံနှင့် တစ်နိုင်ငံနိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ ကျူးကျော်ထိပါးမပြုကြသင့်သည် မဟုတ်ပါလော။ တစ်ပါးသော ပြည်တွင်းရေးတွင် အခြားတစ်ပါးက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ မတူညီမှုများမည်သို့ပင်ရှိစေ နိုင်ငံအချင်းချင်းကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ကြရန်သင့်၏ မဟုတ်ပါလာ။
နိုင်ငံတကာဆက်ဆံရေးတွင် တန်ဖိုးရှိလှသောအဆိုပါမူနှင့် သဘောတူညီချက်များကို အလေးအနက်ထားလိုက်နာကြခြင်းဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးကို မျှော်မှန်းရယူကြရမည် ဖြစ်ပါသည်ဟု တင်ပြလိုက်ရ ပါကြောင်း။