Skip to main content

ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၌ အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၁၁

အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်သေဆုံးဒဏ်ရာရရှိစေရန် ရည်ရွယ်ကာ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် လူနေအိမ်များအနီးတွင် ဖောက်ခွဲရေးပစ္စည်းကိရိယာများ တပ်ဆင်မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှမိုင်းထောင်ဖောက်ခွဲခြင်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်မှုများကြောင့် ဧပြီ ၁၀ ရက် ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ မဇင်မြတ်နိုး (၁၂)နှစ်၊ မကြယ်စင်လင်းသန့် (၁၇)နှစ်နှင့် မစင်သီတာသိမ့် (၁၂)နှစ်တို့ ၃ ဦးသည် အဆိုပါရပ်ကွက်အနီး သံလွင်မြစ်ကမ်းဘေး၌ ရေကူးရန်သွားရောက်စဉ် အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း ၁ လုံးအား မဇင်မြတ်နိုးမှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကလေးငယ်များအား ဘားအံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့စွာဖြင့် အကြမ်းဖက်လုပ်ဆောင်နေမှုများကို ရပ်ကွက်/ကျေးရွာလူထုမှ လွန်စွာရွံမုန်းလျက်ရှိကြောင်းသိရှိရပြီး အကြမ်းဖက်မိုင်းထောင်သူများအား ဥပဒေနှင့်အညီ အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။