Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ဘေးအန္တရာယ်ကင်းရှင်းမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းပျက်စီးခဲ့သည့် ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေတို့ကို ဧပြီ ၁၆ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

လိုက်လံကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဥပဒေရေးရာဝန်ကြီးဌာန ရုံးအမှတ် (၂၅) သို့ သွားရောက်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်ခြင်းကြောင့် အဆောက်အအုံအနီးရှိ ကမ်းပါးမြေကျွံကျခဲ့သည့် အခြေအနေ၊ ထပ်မံပျက်စီးမှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စစ်ဆေးရေးအဖွဲ့များ စေလွှတ်စစ်ဆေး၍ အဆောက်အဦအထူးအဖွဲ့မှ Sheet Pile များ ရိုက်သွင်း၍ အမြန်ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်နေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်တင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး ထပ်မံမြေပြိုကျမှုမရှိစေရေး Sheet Pile များ ရိုက်သွင်းမှုကြောင့် အဆောက်အအုံကြံ့ခိုင်မှု မထိခိုက်စေရေးပြုပြင်ဆောင်ရွက်ရန်နှင့် စောင့်ကြည့်မှတ်တမ်းတင်ခြင်းကိုလည်း အလေးထားဆောင်ရွက်ရန်မှာကြား၍ လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။

အထူးအလေးထားစစ်ဆေးဆောင်ရွက်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ၏ ဘေးကင်းလုံခြုံမှုစစ်ဆေးဆောင်ရွက်နေသည့် စစ်ဆေးရေးအဖွဲ့များ၏ လိုက်လံစစ်ဆေးနေသည့် အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးပေးရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာအသင်း/အဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များ စုပေါင်းပြီး စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ အမြန်စစ်ဆေးဆောင်ရွက်စေခဲ့ပြီး အဆောက်အအုံများကို ပျက်စီးမှုအပေါ်မူတည်၍ အသေးစားပြုပြင်၍ ပြန်လည်အသုံးပြုနိုင်သည့်အခြေအနေအား အပြာရောင်အဆင့်အဖြစ်လည်းကောင်း၊ အကြီးစားပြုပြင်ရန်လိုအပ်ပြီး လတ်တလောနေထိုင်၍ မရသည့်အခြေအနေအား လိမ္မော်ရောင်အဆင့်အဖြစ်လည်းကောင်း၊ ပြိုကျသည့် အဆောက်အအုံများနှင့် ပျက်စီးမှုများပြားပြီး နေထိုင်ရန် မသင့်တော်သည့်အန္တရာယ်ရှိ အဆောက်အအုံများကို အနီရောင်အဆင့်အဖြစ်လည်းကောင်း သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာနှင့် လူပျို/အပျို ရိပ်သာ အဆောက်အအုံများသို့ သွားရောက်စစ်ဆေးရာတွင် ခေတ်မီစက်ကိရိယာများ အသုံးပြုဆောင်ရွက်ခြင်းဖြင့် ပိုမိုတိကျသောအဖြေများကို ရရှိမည်ဖြစ်သကဲ့သို့ ထွက်ရှိလာသည့် အဖြေများကို စနစ်တကျမှတ်တမ်းထားရှိရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုအဆင့်သတ်မှတ်ရာတွင် တိကျသေချာစေရေး အထူးအလေးထားစစ်ဆေးဆောင်ရွက်ကြရန်နှင့် ပြုပြင်ဆောင်ရွက်သည့် အချိန်တွင်လည်း ကျွမ်းကျင်သော Structure Engineer ၏ ပညာရပ်ဆိုင်ရာ အကြံပြုချက်များ၊ ဒီဇိုင်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ချီးမြှင့်ငွေများ ပေးအပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြေငလျင်လှုပ်ခတ်ခြင်းကြောင့် ပြိုကျခဲ့သည့် ဝန်ထမ်းမိသားစုများ၏ နေအိမ်လိုင်းခန်းများတွင် မိသားစုများ၏ အရေးကြီးစာရွက်စာတမ်းများ၊ တန်ဖိုးရှိသော လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆယ်တင်အသုံးပြုနိုင်သည့် ပစ္စည်းများ ပြန်လည်ရရှိနိုင်ရေး မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ရှာဖွေဆယ်တင်ရေးဆောင်ရွက်နေသည့် နေရာသို့ သွားရောက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အခက်အခဲနှင့်လိုအပ်ချက်များကို မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး ကူညီရှာဖွေခြင်း ဆောင်ရွက်ပေးနေသော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်