မန္တလေး ဧပြီ ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားနှင့် ရင်ပြင်ပေါ်ရှိ ထိခိုက်ပျက်စီးခဲ့သောနေရာများ၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်၊ မြနန်းစံကျော်ရွှေနန်းတော်ယဉ်ကျေးမှုပြတိုက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီးနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများသည် မဟာမုနိဘုရားသို့ ရောက်ရှိရာ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တန်ဆောင်း၊ မုခ်ဦးပြုပြင်ထိန်းသိမ်းမှုများကို မဟာမုနိဘုရား ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ မဟာမုနိဘုရားရုပ်ပွားတော်အား ငလျင်ဒဏ်ခံနိုင်ရေးအတွက် အများပြည်သူအား ဆက်လက်ရွှေချခြင်းမပြုစေဘဲ ရုပ်ပွားတော်ရှိ အဆင်တန်ဆာများအား ဝန်ပေါ့အောင် စနစ်တကျဖြုတ်သိမ်း၍ မှတ်တမ်းတင်ထားရှိရန်၊ မလိုအပ်သော အဆင်တန်ဆာများကို ပြခန်းတွင် ပြသထားရှိသွားရန်၊ အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ရှိ ထိခိုက်ပျက်စီးခဲ့သော နံရံပန်းချီများကို မူလအစိတ်အပိုင်း ရနိုင်သလောက် ပြန်ဆက်ရန်၊ နဂိုရှိရင်း နံရံဆေးရေးပန်းချီ မှတ်တမ်းဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးပြီး နံရံပန်းချီအပိုင်းအစများကို မူလပုံစံအတိုင်းရရှိအောင် ပြန်လည်ဆောင်ရွက်သွားရန်၊ နံရံပန်းချီထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့်အလိုက်၊ အသုံးပြုမည့် ဆေးအမျိုးအစား၊ ဦးစားပေးဆောင်ရွက်မည့်နေရာ အစရှိသည်တို့ပါဝင်သော စီမံချက်ရေးဆွဲဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မဟာမုနိဘုရားရှိ ကြေးရုပ်ပြတိုက်မှ လဲသွားသောအရုပ်ကို ပြန်လည်တည့်မတ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ကွဲအက်သွားသော ပဒုံမင်းကောင်းမှုခေါင်းလောင်းကို ပြန်လည်ပြုပြင်ရန်ကိစ္စနှင့်ပတ်သက်၍လည်းကောင်း မှာကြားသည်။
ဆက်လက်၍ လမ်း၈၀၊ ၂၄x ၂၅ ကြားရှိ မန္တလေးယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး၊ ပြသပစ္စည်းများနှင့် ပြန်လည်ပြုပြင်ထားသည့် မှတ်တမ်းဓာတ်ပုံများ နှိုင်းယှဉ်၍ မှတ်တမ်းအဖြစ်ပြသသွားရန်နှင့် စာကြည့်တိုက်ရှိ သတင်းစာများကို နှစ်အလိုက် စာအုပ်ချုပ်၍ သိမ်းဆည်းသွားရန် မှာကြားသည်။
မြနန်းစံကျော် ရွှေနန်းတော်ယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနည်းခြင်းသည် ခင်းကျင်းပြသရာတွင် မူလကပင် ငလျင်ဒဏ်ခံနိုင်အောင်ဆောင်ရွက်ခဲ့၍ နောင်တွင် မည်သည့်ပြတိုက်မဆို အလားတူ ငလျင်ဒဏ်ခံနိုင်အောင် ခင်းကျင်းရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်