တောင်ကြီး ဇန်နဝါရီ ၂၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ်သုတေသနဌာန၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင်နှင့် အဖွဲ့များသည် ဒေသန္တရ ဖွံဖြိုးရေး အတွက် မောင်းသူမဲ့လေယာဉ်ငယ်များ၊ အဝေးအာရုံခံနည်းပညာများ အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ(၂)၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မောင်းသူမဲ့လေယာဉ်သုတေသနဌာန၏ ဌာနမှူး ပါမောက္ခ ဒေါက်တာသဲမောင်မောင်နှင့် အဖွဲ့လာရောက်ပြီး ပြည်နယ်ဒေသဖွံ့ဖြိုးရေးကူညီပေးရန်အတွက် ဦးစားပေးအဖြစ် တောင်ကြီးမြို့အပါအဝင် မြို့ရွာများအတွက် မြို့ပြ ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲနိုင်ရေး၊ အင်းလေးကန်ဒေသ ကာကွယ်ထိန်းသိမ်းရေး၊ သစ်တောများ ကာကွယ်ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေးကိစ္စများ၊ ဓာတ်သတ္တုကိစ္စများကို စီမံခန့်ခွဲရာတွင် နည်းပညာ အထောက်အကူရရှိနိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ ပထမ ဦးစားပေးအဖြစ် တောင်ကြီးမြို့၊ မြို့ပြဖွံ့ဖြိုးမှုစီမံချက်ရေးဆွဲရာတွင် အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်သည့် သုံးဖက်မြင်ရုပ်လုံးကြွ မြေပုံရေးဆွဲနိုင်ရေးအတွက် မောင်းသူမဲ့လေယာဉ်သုတေသနဌာနအကူအညီဖြင့် ကွင်းဆင်းလုပ်ငန်းများ၊ ဆောင်ရွက်နိုင်ရန် ပညာရေး ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ဆက်စပ်သည့် ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာနမှ ကွင်းဆင်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ လုံခြုံရေးအရ ကန့်ကွက်ရန်မရှိကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကန့်ကွက်ရန်မရှိကြောင်း၊ မောင်းသူမဲ့ လေယာဉ်ငယ်များ ပျံသန်း အသုံးပြုသည့်အခါ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဟဲဟိုးလေဆိပ် တာဝန်ခံနှင့် ဆက်သွယ်ညှိနှိုင်း၍ ဆောင်ရွက်နိုင်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာနမှ ကူညီဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ စည်းကမ်းချက် (၅)ချက်ဖြင့် သဘောထား ရရှိခဲ့ပြီးဖြစ်ကြောင်း၊ တောင်ကြီးမြို့ မြို့ပြဖွံ့ဖြိုးမှုစီမံချက်ရေးဆွဲရာတွင် အထောက်အကူဖြစ်စေနိုင်မည့် မောင်းသူမဲ့လေယာဉ်ငယ်များ အဝေးအာရုံခံ နည်းပညာများကို တာဝန်ရှိသူမှ ရှင်းလင်းဆွေးနွေးသည့်အပေါ် တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ မှတ်သားထားပြီး မိမိတို့သိရှိထားသည့်အကြောင်းအရာများနှင့် ပေါင်းစပ်၍ သက်ဆိုင်ရာ နယ်ပယ် ကဏ္ဍအသီးသီး တွင် အသိပညာများ ပြန်လည်မျှဝေပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်နှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာန၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင်နှင့်အဖွဲ့မှ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသော ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ သိရှိလိုသည် များကို ဆွေးနွေးတင်ပြကြ ၍ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)