Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် USIP တို့ ပူးပေါင်း၍ အမုန်းစကားနှင့် သတင်းအတု၊ သတင်းအမှားများ တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် United States Institute of Peace (USIP) တို့ ပူးပေါင်းပြုလုပ်သည့် အမုန်းစကားနှင့် သတင်းအတု၊ သတင်းအမှားများ တားဆီး ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအရာရှိများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နည်းပညာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ United States Institute of Peace (USIP) မှတာဝန်ရှိသူများ တက်ရောက် ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ မျက်မှောက်ခေတ်လူမှုဆက်ဆံရေးနယ်ပယ်၌ ဆိုရှယ်မီဒီယာသည် အရေးကြီးသောအခန်း ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ဆိုရှယ်မီဒီယာအသုံးပြုခြင်းသည် အကျိုးကျေးဇူးများရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိပါကြောင်း၊ စိန်ခေါ်မှုများတွင် အမုန်း စကားများ၊ သတင်းအတု၊ သတင်းအမှားများပြန့်နှံ့မှုမှတစ်ဆင့် ရွေးကောက်ပွဲနှင့် ဆက်စပ်သော အထင်အမြင်လွဲမှားမှုများ မဖြစ်စေရေးမည်ကဲ့သို့ ကာကွယ်တားဆီးနိုင်မည်ဆို သည့်ကိစ္စရပ်များလည်း ပါဝင်ပါကြောင်း၊ မျက်မှောက်ခေတ်တွင် သတင်းအမှန်နှင့် သတင်းအမှားများကို ပြည်သူများခွဲခြားနိုင်ရန် ခက်ခဲလာခြင်းသည် အန္တရာယ်ကို ဆပွားတိုး သလိုဖြစ်စေပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဆိုရှယ်မီဒီယာ အသုံးပြုမှုသည်၂၀၁၅ ခုနှစ်က (၇) သန်းခန့်သာရှိခဲ့သော်လည်း ၂၀၂၀ ပြည့် နှစ်တွင် (၂၁) သန်းအထိရှိလာပြီ ဖြစ်ပါကြောင်း၊ အမုန်းစကားနှင့်သတင်းအတု၊ သတင်းအမှား များကို ကာကွယ်တားဆီးရန်နည်းလမ်းများ အတွက် အစီအမံများကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံအနေဖြင့် အဆိုပါပြဿနာများကို အထူးသတိထားရမည် ဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီဖြစ်စေရေးကိုလည်း ထိခိုက်နိုင်ပါကြောင်း၊ အမုန်းစကားများ၊ သတင်းအတုများ နှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများ မဖြစ်စေရန် ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ယခုတက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံး ဝိုင်းဝန်း ထိန်းသိမ်းကြရမည် ဖြစ်ပါကြောင်း။

 အမုန်းစကားများ လျော့နည်း ပပျောက်စေရေးအတွက် သဘောတူရေးဆွဲထားသည့် ကျင့်ဝတ်များရှိသော်လည်း အားလုံး လိုက်နာမှသာ ထိရောက်မှုရှိမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကျင့်သုံးလိုက်နာနိုင်ရန် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့် တရားသည်သာ အဓိကဖြစ်ပါကြောင်း၊ ကော်မရှင်၏လုပ်ဆောင်ချက်များ၊ ကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ ကြေညာချက်များကိုနိုင်ငံပိုင် သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် UEC Website တို့မှတစ်ဆင့် ပြည်သူလူထုသိရှိစေရန် ထုတ်လွှင့်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများနှင့် မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုထံ သတင်းအချက်အလက်များ အမြန်ဆုံး ရောက်ရှိနိုင်မည့် UEC Facebook Page ကိုလည်းအသုံးပြု သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အမုန်းစကားများ၊ သတင်းအတု၊ သတင်းအမှားများတားဆီးကာကွယ်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ Facebook Team တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သတင်းအမှန်ထုတ်ပြန် ရေးအစီအစဉ်ကို ကော်မရှင်ရုံးတွင် အပတ်စဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ USIP အဖွဲ့မှ Mr. Jason Tower က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ (၂၃)ရက်အထိ (၃)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)