Skip to main content

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာ သမိုင်းအဖွဲ့၊ မြန်မာစာအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို က UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကွန်ဗန်းရှင်း ၂၀၀၃ အပေါ် မြန်မာနိုင်ငံအနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်ရန်နှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ယခင်ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအရ မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်း မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လာခဲ့သည်မှာ အတိုင်းအတာပမာဏတစ်ခုအထိ အရှိန်အဟုန်ရနေပြီဖြစ်ပါ ကြောင်း၊ လိုအပ်သည့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ ဖွဲ့စည်းခြင်း၊ လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဆောင်းပါးများဖော်ပြခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း (၁၀၀)ကျော် မှီတင်းနေထိုင်သော ပြည်ထောင်စုဖြစ်သည်နှင့်အညီ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အမျိုးအစားများနှင့် ပညာရှင်များ စုံလင်စွာရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက်မှ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အမွေအနှစ်များကို နိုင်ငံတကာအဆင့် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရန်အတွက် UNESCO သို့ အမည်စာရင်းတင်သွင်းရန်လည်း စီစဉ်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေး အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ပြီးဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့အနေဖြင့် မိမိတို့နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက်မှ စံသတ်မှတ်ချက်များ ကိုက်ညီသည့် အမွေအနှစ်များကို နိုင်ငံတကာအဆင့် ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်လာပါကြောင်း၊ ယခုUNESCO ၏လူသားအမျိုးအနွယ်ကို ကိုယ်စားပြု စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ထုံးစံကို အမည်စာရင်းတင်သွင်းရန် စတင်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊ မြန်မာ့သနပ်ခါးသည် UNESCO 2003 ကွန်ဗန်းရှင်းပါ သတ်မှတ်ချက် Domain(၅)ခုလုံးနှင့်လည်း အကျုံးဝင်ခြင်း၊ မိမိတို့တစ်မျိုးသားလုံး၏ယဉ်ကျေးမှုလက္ခဏာ တစ်ရပ်အဖြစ်ကိုယ်စားပြုခြင်း၊ မိမိတို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ကိုယ်စားပြုတန်ဖိုးထား၊ မြတ်နိုးထိန်းသိမ်းထား ရှိလျက် ရှိသောကြောင့် မိမိတို့ တစ်မျိုးသားလုံး၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးစသည့် နေ့စဉ်လူနေမှုဘဝတွင် အရေးပါသောနေရာ၌ ပါဝင်နေသည့် အပြင် သတ်မှတ်စံနှုန်းများနှင့် လည်း ကိုက်ညီနေခြင်းကြောင့် မြန်မာ့သနပ်ခါးကိုUNESCOသို့ အမည်စာရင်းတင် သွင်းရန်လျာထားခြင်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် မှတ်ပုံတင်စာရင်း National Register of the Intangible Cultural Heritage of Myanmar ကို ပြုစုပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပညာရှင်များက မိမိတို့ ဆောင်ရွက်လျက်ရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်း စဉ်ကြီးကို အောင်မြင်စေရန် အတွက် တာဝန်ကျနေရာအသီးသီးကနေ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးများ၊ ပညာရှင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဒေသအလိုက် ဆောင်ရွက်နေသည့် အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း မြှင့်တင်ရေးကိစ္စများနှင့် သက်ဆိုင်သည့် အချက်အလက်များအား ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စိစစ်ရေး ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတိုးလှ၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးညွန့်ဟန်၊ ဒေါက်တာဒေါ်နုမြဇံနှင့် ပါမောက္ခ ဒေါက်တာကြင်စွမ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့က အထွေထွေ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိဂုံးချုပ်အမှာစကား ပြောကြား သည်။

(သတင်းစဉ်)