မန္တလေး အောက်တိုဘာ ၁၈
အထက်မြန်မာပြည်တစ်ခုလုံးအတွက် အကျိုးပြုနိုင်စွမ်း ရှိသည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း အသစ်ဖြစ်သော ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(Public Health Laboratory- Mandalay)ကို မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်ရှိ အဆိုပါဌာနဝင်းအတွင်း တည်ဆောက် လျက်ရှိရာ လုပ်ငန်းပြီးစီးမှု အခြေနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၁၆ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနရုံး (PHL) ဓာတ်ခွဲခန်းသစ်ကို မန္တလေးတိုင်း ဒေသကြီး အစိုးရ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေး ကော်မတီက လှူဒါန်းသည့် ကျပ်သိန်း ပေါင်း ၁၂၀၀၀ ခန့် အကုန်ကျခံ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ အဆောက်အအုံအသစ်ပုံစံနှင့် ဒီဇိုင်းကို ဗိသုကာပညာရှင် ဦးဇင်မင်းဆွေက ဆောင်ရွက် ပေးသည်။
မန္တလေးမြို့မှ လက်ရှိ ကိုဗစ်-၁၉ အတည်ပြု စစ်ဆေး ပေးနေသည့် ဓာတ်ခွဲခန်းကို နိုင်ငံတကာ အဆင့်မီဖြစ်စေရန် အဆောက်အအုံပိုင်း တိုးချဲ့ဆောင်ရွက်ခြင်းဖြစ်ကာ တည် ဆောက်ရေးကာလ သုံးလအတွင်း ယင်းဓာတ်ခွဲခန်းသစ်ကို NHL ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက် ခဲ့ရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်က ယခုလက်ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနမှ ဓာတ်ခွဲစစ်ဆေးနိုင်မှုနှင့် ကျန်းမာရေးဝန်ထမ်း အင်အား အခြေအနေကိုလည်းကောင်း၊ မန္တလေး မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက တည်ဆောက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေ အခြေအနေ၊ အဆောက်အအုံအတွင်း ဓာတ်ခွဲခန်း၊ သင်တန်းခန်းမနှင့် စီမံခန့်ခွဲမှုရုံးခန်းများ ထည့်သွင်း တည် ဆောက်ပြီးစီးမှု အခြေအနေများနှင့် ရေရရှိရေးလုပ်ငန်းများ၊ စွန့်ထုတ်ရေဆိုးစနစ်နှင့် စွန့်ပစ္စည်းများအတွက် စီမံဆောင် ရွက်ထားသည့် အစီအမံများကိုလည်းကောင်း၊ အဆောက် အအုံသစ် ဒီဇိုင်းနှင့်ပတ်သက်၍ ဗိသုကာပညာရှင် ဦးဇင်မင်း ဆွေက ဗိသုကာပုံစံများ အသေးစိတ်ရေးဆွဲပြီး မြေကြီး စမ်းသပ်ကာ ခိုင်ခံ့မှုတွက် ချက်ခြင်း၊ Bio−safety level(2+)အဆင့်ရှိ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းစနစ်၊ လျှပ်စစ်မီး၊ ရေ၊ လေအေးပေးစက်၊ နက်ဝပ်နှင့် CCTV ဒီဇိုင်း ရေးဆွဲ တပ်ဆင်သည့်စနစ်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ သည်။
ထိုနောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လိုက်လံစစ်ဆေးပြီး ယခုဆောက်လုပ် နေသည့် နိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသည် အထက်မြန်မာပြည်အတွက် အလိုအပ်ဆုံး ဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးအတွက်ပါ အထောက် အကူပြုမည့် ဓာတ်ခွဲခန်းအသစ်တစ်ခုဖြစ်ရာ NHL ၏ စံချိန် စံညွှန်းများနှင့်အညီ ဆက်လက်တည်ဆောက်သွားရေး၊ တည်ဆောက်ရေး အချောသတ်လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေး၊ လက်ရှိ ဆောင်ရွက်နေသော ဓာတ်ခွဲ စစ်ဆေးသည့်စက်များကို အဆောက် အအုံသစ်သို့ အမြန်ဆုံး ပြောင်းရွှေ့ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရန်နှင့် အဆောက်အအုံသစ်ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက် သွားကြရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယခု ဆောက်လုပ်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန အဆောက်အအုံသည် နိုင်ငံတကာ အဆင့်မီ Bio−safety Level(+2)အဆင့်ရှိကာ RC အမျိုးအစား နှစ်ထပ်ခွဲဖြစ်ပြီး အလျား ၆၉ ပေ၊ အနံ ၅၉ ပေ(စတုရန်းပေ ၁၀၆၃၁ ပေ)ရှိကာ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ နည်းပညာဖလှယ်ရန် သင်တန်းခန်းမ၊ နိုင်ငံခြားဓာတ်ခွဲခန်း များကဲ့သို့ Sensor Air Lock တံခါးများ၊ Negative Pressure စနစ် ဓာတ်ခွဲခန်းများ ပါဝင်သလို လက်ရှိဆောင်ရွက်နေသော ဓာတ်ခွဲစက် သုံးစုံကို ထားရှိဆောင်ရွက်ရန် တည်ဆောက် လျက်ရှိသည်။ ဓာတ်ခွဲခန်းအဆောက်အအုံကို အောက်တိုဘာ လကုန်တွင် အပ်နှံနိုင်ရန် ရည်မှန်းထားပြီး နိုဝင်ဘာလလယ် တွင် အဆိုပါ ဓာတ်ခွဲခန်းအဆောက်အအုံ၌ လုပ်ငန်းများ စတင်လည်ပတ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေး ကော်မတီမှ သိရသည်။
ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေး ခြင်းကို ယခုနှစ် ဇွန် ၁ ရက်မှ စတင်ဆောင်ရွက်လာခဲ့ရာ အောက်တိုဘာ ၁၅ ရက်အထိ အထက်မြန်မာပြည်ရှိ မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးနှစ်ခုနှင့် ရှမ်း/မြောက်၊ ကချင်၊ ချင်းစသည့် ပြည်နယ်များမှ Swab နမူနာ စုစုပေါင်း ၄၈၅၅၆ ခုကို ဓာတ်ခွဲစစ်ဆေး၍ ရောဂါပိုးရှိသူ ၁၁၁၀ ကို တွေ့ရှိခဲ့ကြောင်း လည်း ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)