နေပြည်တော် နိုဝင်ဘာ ၁
ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် နိုင်ငံတော်ကိစ္စရပ်များတွင် အသုံးပြု ရန် ဝယ်ယူထားသော နိုင်ငံတော်ပိုင် AW-139 အမျိုးစား ရဟတ်ယာဉ် XY-AFT သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက်သည်။
အဆိုပါရဟတ်ယာဉ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူနှင့် ဦးစိုးဝင်း၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ် ဝယ်ယူအသုံးပြုရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင် ဒုတိယဝန်ကြီး များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော်တစ်ဝိုက် XY-AFT ရဟတ်ယာဉ် လှည့်လည် ပျံသန်းပြမှုကို လိုက်ပါစီးနင်းသည်။
နိုင်ငံတစ်ဝန်း ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ် ဆယ်ရေး၊ အရေးပေါ်ထောက်ပံ့ရေးစသည့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ အပါအဝင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် နိုင်ငံတော်ကိစ္စရပ်များတွင် အသုံးပြုရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဝယ်ယူ ထားသော အဆိုပါ AW-139 အမျိုးစား ရဟတ်ယာဉ် XY-AFT သည် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံမှ Ferry Flight ပျံသန်းလာပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်ခဲ့သည်။
၎င်းရဟတ်ယာဉ်သည် အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရပ်နားကာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လိုအပ်သော စိစစ်မှုလုပ်ငန်းများ ဆောင်ရွက်ပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ Acceptance Flight Test ပျံသန်းလာရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရုံးလုပ်ငန်း တာဝန်များကို စီစဉ်ဆောင်ရွက်ပေးရသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် အီတလီနိုင်ငံ Leonardo S.P.A. ကုမ္ပဏီနှင့် ရဟတ်ယာဉ်ဝယ်ယူရေး စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် အီတလီနိုင်ငံရှိ ရဟတ်ယာဉ် ထုတ်လုပ်သည့် စက်ရုံတွင် ရဟတ်ယာဉ်ကို စစ်ဆေးလက်ခံခဲ့ကြောင်း၊ ထို့နောက် ရဟတ်ယာဉ်ကို မလေးရှားနိုင်ငံရှိ ကုမ္ပဏီ၏ အလုပ်ရုံသို့ ပို့ဆောင်၍ ပြန်လည် တပ်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီလဆန်းပိုင်းကပင် ပြီးစီးခဲ့သော်လည်း COVID-19 ကပ်ရောဂါဆိုင်ရာ သွားလာမှုကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံသို့ ယခုမှပင် ပျံသန်းပို့ဆောင်နိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရဟတ်ယာဉ်တွင် ရဟတ်ယာဉ်မှူး (၂)ဦးနှင့် ခရီးသည် (၁၄)ဦး စုစုပေါင်း(၁၆)ဦး လိုက်ပါစီးနင်းနိုင်ပြီး ကီလိုမီတာ ၆၀၀ ကျော် ပျံသန်းနိုင်ကာ မြေပြင် နှင့်ရေပြင် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ပစ္စည်းကိရိယာများ ပါရှိ ကြောင်း သိရသည်။
နိုင်ငံတော်ပိုင် ရဟတ်ယာဉ် ပျံသန်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က အမျိုးအစားတူ AW-139 ရဟတ်ယာဉ် ပျံသန်းအသုံးပြုလျက်ရှိသည့် Air Myanmar Aviation Service သို့ လုပ်ငန်းအပ်နှံသည့်စာချုပ် ချုပ်ဆိုဆောင်ရွက်ထားကြောင်း သိရသည်။
(သတင်းစဉ်)