နေပြည်တော် ဇန်နဝါရီ ၂၃
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင် ရုံးမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြသည်။
အခြေခံမဲဆန္ဒရှင် စာရင်းပြုစု
အစည်းအဝေး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်း မြင်သာမှု၊ အများ ယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ်တစ်ထပ်တည်း ဖြစ်စေရေးဆို သည့် စံ (၅) ချက်နှင့် အညီ အောင်မြင် စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲပေး ပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေးအတွက်ကို လည်း အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုဆိုလျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုပြီး ဖြစ်ပါကြောင်း၊ ၎င်းမဲစာရင်း များကို စဉ်ဆက်မပြတ် စိစစ်ပြင်ဆင်သွားမှသာ ပြည့်စုံမှန်ကန် သည့် မဲဆန္ဒရှင်စာရင်းရရှိမည်ဖြစ်ပါ ကြောင်း၊ အခြေခံမဲဆန္ဒရှင် စာရင်း ကပ်ထားကြေညာချိန်တွင် လည်း မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှု စေရေး အတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
မဲဆန္ဒနယ်များ ကြိုတင်ကြေညာရမည်
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ ကြိုတင်သတ်မှတ်ကြေညာရမည်ဖြစ် ပါကြောင်း၊ အလားတူ တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် သတ်မှတ် ရန်အတွက် နိုင်ငံတော်လူဦးရေ၏ (၀ ဒသမ ၁) ရာခိုင်နှုန်းနှင့်အထက် ရှိသည့် တိုင်းရင်း သားလူမျိုးစာရင်း ရရှိရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လက်ရှိအခြေ အနေနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များ ပြင်ဆင်ပြီး စာအုပ် များ ပုံနှိပ်ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ၂၀၁၅ ခုနှစ်ကတည်းက ရေးဆွဲကျင့်သုံးခဲ့သည့် နိုင်ငံရေး ပါတီ များနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ကို လက်ရှိ အခြေ အနေများနှင့် ကိုက်ညီအောင် ပြန်လည်ပြင်ဆင်မွမ်းမံ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံ ခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ သတင်းမီဒီယာ သမားများ အတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်နှင့်ရွေးကောက်ပွဲ လုံခြုံရေး ဆိုင်ရာ ရဲဝန်ထမ်းကျင့်ဝတ်များကို လည်း ရေးဆွဲဆောင်ရွက်လျက်ရှိ ပါကြောင်း။
သတင်းအမှားများ မပြန့်ပွားရေး
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ၊ Facebook Team တို့နှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက် လျက်ရှိသည့်အပြင် ရွေးကောက်ပွဲ ဆိုင်ရာ များနှင့်စပ်လျဉ်းသည့် သတင်း အမှန်ထုတ်ပြန်နိုင်ရန် သတင်း ထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကော်မရှင်ရုံး တွင် သတင်းများ အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက် ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကော်မရှင် အဖွဲ့ခွဲများအတွက် လိုအပ် သည်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ပြည်သူလူထု အသိပညာပေး လုပ်ငန်းများနှင့် မဲဆန္ဒ ရှင် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊ မှန်ကန်သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက် အလက်များ ပြည်သူလူထုထံသို့ ထိထိရောက်ရောက်နှင့် လျင်မြန်စွာ ရောက်ရှိစေရန်၊ ရွေးကောက် ပွဲနှင့် စပ်လျဉ်းသည့် သတင်းအမှားများ၊ သတင်းအတုများ မပြန့်ပွားစေရေး အတွက် UEC Facebook Page ကို မကြာမီကာလအတွင်း အသုံးပြုသွား မည်ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ တာဝန်ရှိသူများ အနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုနှင့် အရည်အသွေး မြင့်မားနေမှသာ ရွေးကောက်ပွဲ လုပ်ငန်း များကို စနစ် တကျ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြား သည်။
အကြံပြုချက်များ ဆွေးနွေး
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြား ရေးမှူးချုပ်က ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက် လာသော တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များမှ တာဝန်ရှိသူ များ၏ အကြံပြုတင်ပြချက်များ နှင့် မေးမြန်းချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တက်ရောက် လာသူများနှင့် အတူ ယာယီမဲရုံနမူနာခင်းကျင်းထားရှိမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်