Skip to main content

ကလေးစာပေပွဲတော် (ရေကြည်) ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ဖွင့်လှစ်

ရေကြည် ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေး စာပေပွဲတော် (ရေကြည်) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရေကြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ကျောင်းရှေ့ရှိ ကလေးစာပေပွဲတော်မုခ်ဦး၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူရည်ချွန်မောင်မယ်များ စုစုပေါင်း(၁၁)ဦးတို့က ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခြံရံလျက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖွင့်ပွဲတွင် ဖျော်ဖြေခဲ့ကြသည့် ဘင်ခရာတပ်ဖွဲ့၊ ကရင်ဒုံးယိမ်း အဖွဲ့နှင့် အကအဖွဲ့များအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျောင်းရှိ တေဇာသီရိခန်းမအတွင်း ဆက်လက်ကျင်းပပြုလုပ်ရာ အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူလေးများက ကလေးစာပေ ပွဲတော် Theme Song သီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်သည်။ 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကား ပြောကြား ရာတွင် " ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးစာပေပွဲတော်များကို ယခင်က တိုင်းနှင့် ခရိုင်မြို့ကြီး များတွင် ကျင်းပခဲ့သော်လည်း အနယ်နယ်အရပ်ရပ်မှ ကလေးများအားလုံး ပါဝင်နိုင်ခြင်း မရှိသည့် အတွက် မြို့နယ်အဆင့် ကလေးစာပေပွဲတော်များကို (၂၆) မြို့နယ်လုံးတွင် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ကလေးငယ်များကို ငယ်စဉ်ကပင် စာအုပ်စာပေနှင့် ထိတွေ့မွေ့လျော်ရန်၊ ယခုလိုပွဲတော်များတွင် ပါဝင်ဆင်နွဲခဲ့သည်များကို အမှတ်ရနေစေရန်ရည်ရွယ်၍ ပွဲတော်များကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ စတင်အစပျိုးခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုရေကြည်မြို့ ကလေး စာပေပွဲတော်သည် တိုင်းဒေသကြီးအတွင်း (၁၉) ခုမြောက် ဖွင့်လှစ်သည့်ပွဲတော်ဖြစ်ပြီး ပွဲတော်အားလုံးသည်လည်း စည်ကားခဲ့ပါကြောင်း၊ ကလေးများ၏ ငယ်စဉ်ဘဝ လှပအောင်၊ စာအုပ်စာပေ တွင် မွေ့လျော်အောင်၊ တိုင်းဒေသကြီးနှင့် နိုင်ငံအတွက် အားထားရသည့် သားကောင်းသမီးမွန်များဖြစ်ရန်နှင့် လှပသည့်ဘဝများ ဖြစ်လာစေရန် ရည်ရွယ်၍ ကလေးစာပေ ပွဲတော်များကို ကျင်းပခြင်းဖြစ်ကြောင်း" ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက ‌ပြိုင်စံရှားတဲ့ဒိုးကလေး၊ လောကအားမာန်၊ မလေးလက်ခတ်သံ၊ အလှကမ္ဘာမြေ တေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး ဖွင့်ပွဲ ဒုတိယပိုင်းပြီးမြောက်ခဲ့သည်။ ဖွင့်ပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တာဝန်ရှိသူများသည် ပြိုင်ပွဲ၊ ပြခန်းများ ကျင်းပရာသို့ သွားရောက်၍ လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်း၊ နေဝင်း(ပြန်/ဆက်)

ဓာတ်ပုံ၊ စိုးမင်းဦး၊ အောင်သူဟန်(ပြန်/ဆက်)