ရန်ကုန် ဇန်နဝါရီ ၂၄
ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က သာစည်ဘူတာမှ အမှတ် (၁၄၇) အဆန်ရထားဖြင့် ပထမလွန်းထိုးဘူတာအထိ ရထားစီးနင်းလိုက်ပါပုံ၊ ရုံပိုင်အား လွန်းထိုးရထားလမ်းအကြောင်း မေးမြန်းပုံနှင့် ၎င်းဘူတာအနီး ထမင်းလှည့်လည်ရောင်းချနေပုံ၊ ပထမလွန်းထိုးဘူတာမှ ဆင်တောင်ဘူတာသို့ အမှတ်(၁၄၁) အဆန်ရထားဖြင့် စီးနင်းလိုက်ပါပုံ၊ ခရီးသည်များအား ခရီးစဉ်နှင့်အလုပ်အကိုင်များအကြောင်းမေးမြန်းပုံ တို့ကိုရိုက်ကူးခဲ့သည်။
အဆိုပါအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ ကလော၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ဆီဆိုင်မြို့နယ်များရှိ ဘူတာရုံများနှင့် မီးရထားလမ်းတစ်လျှောက် အခြေအနေများအား “မစူးစမ်းရသေးသည့် မီးရထားလမ်း” အမည်ဖြင့် ခရီးသွားမှတ်တမ်းတင် ရုပ်သံအစီအစဉ် ရိုက်ကူးနေခြင်းဖြစ်သည်။
အဆိုပါ ရုပ်/သံအစီအစဉ်တွင် ဂျပန်သရုပ်ဆောင် Mr. Otoo Takuma က မီးရထားဖြင့် ခရီးသွားလာပြီး မီးရထားလမ်းတစ်လျှောက်ရှိ လူမျိုးစုများ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် နေထိုင်မှုဘဝများကို လေ့လာပြီး ခရီးလမ်း တစ်လျှောက်ရှိ သဘာဝရှုခင်းများအား Documentary ရိုက်ကူးလျက်ရှိရာ ၎င်းအစီအစဉ်ကို ဂျပန်နိုင်ငံ NHK BS Premium, International Broadcasting On-demand (Online Distribution)ဖြင့် ဧပြီလတွက် ပြသနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မျိုးမြင့်အောင် (FDC)