နေပြည်တော် နိုဝင်ဘာ ၂၃
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဝါးခယ်မမြို့နယ်၊ ညောင်ငူအုပ်စု၊ မရမ်းချောင်ကျေးရွာမှ ပြန်လည်ထွက်ခွာ၍ နေ့လယ်ပိုင်းတွင် ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာ ခရစ်ယာန်ဘုရားကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့်အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၄၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၆ ဦး၊ ခွဲစိတ်ရောဂါ ၁၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၄ ဦး၊ ကလေးရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၁၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၂ ဦး၊ မျက်စိရောဂါ ၄၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-
၁။ သမီးလေးက ငယ်ငယ်လေးကတည်းက ခွဲစိတ်ထားတာဆိုတော့ သူ့ရဲ့ဆီးရောဂါက ပြန်ထချင်တော့ ဒီမှာ သမားတော်တွေလည်း ပါလာတယ်ဆိုတော့ လာပြတာပါ။ မနေ့တစ်နေ့ကတည်းက ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးက ကြေညာထားတာပါ။ ဆရာဝန်တွေက သဘောကောင်းပါတယ်။ အစစအရာရာ စိတ်ရှည်သည်းခံပြီးတော့ နားထောင်ပေးကြပါတယ်။ အခုလို ရွာအထိ လာရောက်ကုသပေးတဲ့အတွက် ဆရာဝန်တွေအားလုံးကို အများကိုယ်စား ကျေးဇူးတင်ပါတယ်။
၂။ မျက်စိက မှုန်နေတော့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ နယ်လှည့်ဆေးကုသရေးအဖွဲ့တွေနဲ့တွေ့တော့ လာကုတာပါ။ ကောင်းပါတယ်။ အကုန်လုံးကောင်းကြပါတယ်။ ဆေးလာကုသပေးတဲ့ ဆရာတွေ၊ ပါရဂူတွေ၊ ဆရာမတွေအားလုံးလည်း သွားလေရာ လာလေရာ ဘေးကင်းကြပြီး အကုန်လုံးလည်း ကျန်းမာချမ်းသာကြပါစေ။ စေတနာလည်း ရှိကြတယ်။ ဝိုင်းဝန်းလုပ်ကိုင်ပေးကြတဲ့ အဖွဲ့တွေလည်း ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။
သတင်းစဉ်
