Skip to main content

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့သို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကျုံကူးကျေးရွာမှ ပြန်လည်ထွက်ခွာ၍ ငပုတောမြို့သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ငပုတောမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်း၌ အခြေပြု၍ ဒေသခံပြည်သူ ၃၅၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၆၄ ဦး၊ ခွဲစိတ်ရောဂါ ၃၈ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၅၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၇၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၈ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၄ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးဝါးလာရောက်ကုသမှုခံယူကြသည့် ဒေသခံပြည်သူများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါသည်-

၁။ လက်မောင်းက အနာက တော်တော်အခက်အခဲဖြစ်တယ်။ တော်တော်နာပြီး ပြည်တွေ ပေါက်သွားမှ သက်သာတယ်။ ဒူးခေါင်းကလည်း နာတော့ အရိုးပွတဲ့ဆေးတွေကိုပဲ သောက်နေရတယ်။ အဲတော့မှ သက်သာတာပါ။ သွားကလည်း ပလက်တီနမ်စိုက်တာတွေက အစတွေ ဝင်ပြီးတော့ ထမင်းလည်းမဝါးနိုင်ဘူး။ရှေ့သွားနဲ့ပဲစားရတယ်။ အဲဒါအခု လုပ်ပေးထားတယ်။ သင်္ဘောပေါ် ခေါ်သွားပြီးတော့ လက်ကိုလည်း ထုံဆေးနဲ့ခွဲပေးမယ်။ နောက်တစ် ခေါက်တစ်လပိုင်းလာရင် ကျန်တဲ့သွားကို ပြန်နုတ်ပေးမယ်လို့ ပြောတယ်။ ဆေးတွေလည်းပေးတယ်။ သွေးဖောက်ယူထားတယ်။ သွေးစစ်ပေးတယ်။ ဆီးချိုစစ်ပေးတယ်။ နွေးနွေးထွေးထွေးရှိပါတယ်။ ဆရာမလေးတွေကလည်း လိုက်ပို့တယ်။ ဆရာဝန်လေးတွေကလည်း အကုန်အစုံမေးစမ်းပြီး စစ်ဆေးပြီးတော့ ကုသပေးပါတယ်။ ဘာမှမကုန်ကျဘဲလာပြီး ကုသပေးတာကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ အားလုံးလည်း ကျန်းမာချမ်းသာကြပါစေ။

၂။ လမ်းမလျှောက်နိုင်လို့ အဲဒါလာပြတာ။ နာတဲ့အခါကျရင်လမ်း မလျှောက်နိုင်ဘူး။ မတ်တတ်ရပ် လို့ရှိရင်လည်း အကြာကြီး မရပ်နိုင်ဘူး။ ကျန်းမာရေးအခြေအနေကတော့ အရိုးကျီးပေါင်းဖြစ်တယ် လို့ ပြောတယ်။ ခုံမှာဒီလိုထိုင်ရမယ်။ ကြာရင်လေ့ကျင့်ခန်းလုပ်ရမယ်လို့ ပြောပါတယ်။ သူတို့က စေတနာပါပါနဲ့ လုပ်ပေးတယ်။ အိပ်လို့ရှိရင်လည်း ဒီအရိုးကြီးက၊ အရင်အရိုးကြီးက အဲလိုမပေါ်ဘူးလေ။ အခုမှအရိုးကြီးကပေါ်လာတာ။ ထိုင်ရင်ထရင် ဇက်ခနဲထလို့မရဘူး။ ဒီလိုပဲ ဖြည်းဖြည်းလေး ထရတယ်။ လာပြီးတော့ကုသပေးတဲ့ ဆရာတွေ၊ ဆရာဝန်တွေ၊ ဆရာမတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။

သတင်းစဉ်