Skip to main content

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပွင့်ဖြူ)၏ ဒသမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်း

နေပြည်တော် ဒီဇင်ဘာ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပွင့်ဖြူ) ၏ ဒသမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ မကွေးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပွင့်ဖြူ) ၏ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းဆင်းမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

အစီအစဉ် ပထမပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ယခုကဲ့သို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများမှ မွေးထုတ်ပေးလိုက်သည့် မောင်တို့မယ်တို့လို အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များနှင့် မွေးမြူရေးပညာရှင်များက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တစ်ထောင့်တစ်နေရာက ဝိုင်းဝန်းကြိုးပမ်းမှုများကြောင့် မကြာမီကာလမှာပင် မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှာ ပြည်တွင်းရိက္ခာဖူလုံမှုအပြင် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် အဓိကကဏ္ဍအဖြစ် အခိုင်အမာရပ်တည်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဒီပလိုမာလက်မှတ်ရ မောင်တို့မယ်တို့မှာမိမိတို့ တတ်ကျွမ်းထားသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များနှင့် ဒေသတွင်းစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်၏စီးပွားရေးကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဖော်ဆောင်ပေးနိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်းဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ဒုတိယပိုင်းအစီအစဉ်အား ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပွင့်ဖြူ) ကျောင်းအုပ်ကြီးက စိုက်ပျိုး ရေးဒီပလိုမာဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၃ ဦးနှင့် မွေးမြူရေးဒီပလိုမာဘွဲ့ရ ကျောင်းသား ကျောင်းသူ ၂၇ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၄၀ ကို ဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့နယ် ကျောက်တန်းကျေးရွာအုပ်စု တောင်သူဦးအောင်ဆန်းဝင်း၏ ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာ စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးရန်၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် နေကြာစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများ ပူးပေါင်းကူညီဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်