နေပြည်တော် ဒီဇင်ဘာ ၉
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှု၊ China Foundation Rural Development (CFRD) ၏ ပံ့ပိုးမှုတို့ဖြင့် Panda Pack ၊ Sport Bag ၊ ဆိုလာစာကြည့်မီးလုံးများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ NFI Kit နှင့် ခြင်ထောင်များပေးအပ်ပွဲအခမ်းအနားများကို ယမန်နေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကြွက်တောကျေးရွာတို့၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို မကျီးပင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ၌ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးရွာဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ယခုအခါ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှု၊ China Foundation Rural Development (CFRD)၏ ပံ့ပိုးမှုဖြင့် မကျီးပင် အခြေခံပညာအထက်တန်းကျောင်းအတွက် Panda Pack အလုံး ၆၀၊ Sport Bag ငါးပုံးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Non Food Item များ၊ ခြင်ထောင်များ ထပ်မံလာရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ကျေးရွာကော်မတီများနှင့် ကျေးရွာသူကျေးရွာသားများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းပြောကြားပြီး မကျီးပင်ကျေးရွာ အထက်တန်းကျောင်းအတွက် Panda Pack ၆၀ ကို ကျောင်းအုပ်ဆရာမကြီးထံလည်းကောင်း၊ ညောင်ပင်သာကျေးရွာအတွက် NFI Kit ၂၃ စုံကို ကျေးရွာ ကိုယ်စားလှယ်ထံလည်းကောင်းပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်က မကျီးပင်ကျေးရွာအထက်တန်းကျောင်းအတွက် Sport Bag ငါးခုကို ဒုတိယကျောင်းအုပ်ထံလည်းကောင်း၊ ညောင်ပင်သာကျေးရွာအတွက် ခြင်ထောင် ၂၃ လုံးကို ကျေးရွာကိုယ်စားလှယ်ထံလည်းကောင်းပေးအပ်ပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကြွက်တောကျေးရွာ ရွာဦးကျောင်းတိုက် တောင်တန်းသာသနာပြု ဆရာတော်ဦးစိတ္တအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံအမှာစကား ပြောကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကြွက်တောဘုန်းတော်ကြီးကျောင်းအတွက် ဆိုလာစာကြည့်မီးလုံး ၃၀ ကို ကျောင်းဂေါပကအဖွဲ့ထံလည်းကောင်း၊ ကျေးရွာအလယ်တန်းကျောင်း(ခွဲ)အတွက် ဆိုလာစာကြည့်မီးလုံး ၆၀ ကို ကျောင်းအုပ်ကြီးထံလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်က ကျေးရွာအိမ်ထောင်စုများအတွက် ဆိုလာစာကြည့်မီးလုံး ၁၇၀ ကို ကျေးရွာကိုယ်စားလှယ်များထံလည်းကောင်း ပေးအပ်ကြပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
