Skip to main content

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အဖွဲ့ခွဲအဆင့်ဆင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်

မန္တလေး ဒီဇင်ဘာ ၇

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မန္တလေးတိုင်းဒေသကြီးတွင် အပိုင်း(၃)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)ကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့်ပေါင်းစပ်ပြီး လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအား မြို့နယ်များအလိုက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စိစစ်သွားရန် ဆောင်ရွက်နေမှု၊ မဲရုံများဖွင့်လှစ်ထားမှုလျာထားစာရင်း၊ ကြိုတင်မဲပေးမှုဖောင်းပွမှုမဖြစ်စေရေး၊ မဲမသမာမှုမရှိစေရေး စိစစ်ဆောင်ရွက်နေမှုများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (ME-VM) များကို ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များသို့ ပို့ဆောင်ပေးထားမှု၊ မဲရုံလုံခြုံရေးနှင့် ဆန္ဒမဲပေးသူများအတွက် လုံခြုံရေးစနစ်တကျဆောင်ရွက်ထားရှိ မှုအစီအစဉ်များနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းအခြေအနေများကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီးနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်