Skip to main content

မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် ကျန်းမာရေးကဏ္ဍဆောင်ရွက်ခဲ့မှုများအား လုပ်ငန်းဆန်းစစ်သုံးသပ်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၉

မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် ကျန်းမာရေးကဏ္ဍဆောင်ရွက်ခဲ့မှုများအား လုပ်ငန်းဆန်းစစ်သုံးသပ်မှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄)၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မန္တလေးငလျင်ကြီး ဘေးအန္တရာယ်ကျရောက်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကျန်းမာရေးကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် အထူးကုဆရာဝန်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် အသက်ကယ်ကုသမှု လုပ်ငန်းများသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အလားတူပင် ချက်ချင်းဆောင်ရွက်ရသော လုပ်ငန်းများဖြစ်ကြောင်း၊ မန္တလေးငလျင်ကြီးတွင် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု၊ ကျန်းမာရေးဌာန အဆောက်အအုံထိခိုက်ပျက်စီးမှုများနှင့် ဆက်သွယ်ရေးလမ်းကြောင်း နှောင့်နှေးမှုများ ရှိခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်ကာ နည်းလမ်းအမျိုးမျိုးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစ်ဟင်းမှုမရှိစေရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

မိမိတို့အနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း၊ ရေသန့်စင်ဆေးမှုန့်များ ခတ်ပေးခြင်း၊ ခြင်လောက်လမ်းသေ ဆေးများခတ်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း အစရှိသည့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် အားဖြည့်ဆောင်ရွက်ခဲ့နိုင်သဖြင့် ကူးစက်ရောဂါများ ကြီးမားသည့် ကပ်အသွင်ဖြစ်ပွားမှုမရှိခဲ့ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးကဏ္ဍမှ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်ပြီး ပိုမိုတိုးတက်ကောင်းမွန်ရန် လိုအပ်သည့်အချက်များကို ဆွေးနွေးအကြံပြုကြစေလိုကြောင်း ပြောကြားသည်။

ပြောကြား

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် အခြေခံ ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထွန်းတင်တို့က မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်