ဦးကောင်းဇော် (ကျွမ်းဘားအဖွဲ့ချုပ် အုပ်ချုပ်သူ)
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများသည် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ အားကစားနည်းအလိုက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်တွင်လည်း ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ မြင်းစီး၊ ကျွမ်းဘားနှင့် အပြည်ပြည်ဆိုင်ရာ လှေ(Rowing)အဖွဲ့တို့သည် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ပိုင်ဆိုင်ရမည်ဟူသောခံယူချက်၊ ယုံကြည်ချက်နှင့် ပြင်းပြသောစိတ်ဆန္ဒတို့ဖြင့် လန်းဆန်းတက်ကြွလျက်ရှိသည့် အားကစားအသင်းတို့မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည် -
ဦးဇော်လင်း (ပိုက်ကျော်ခြင်း - အုပ်ချုပ်သူ)
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ကစားသမား အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၁၅ ဦး၊ အုပ်ချုပ်သူ/ နည်းပြရှစ်ဦးနဲ့ ပါဝင် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမျိုးသား အသင်းလိုက်၊ အမျိုးသမီးအသင်းလိုက် သုံးယောက်တွဲ၊ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး လေးယောက်တွဲနဲ့ Hook Takraw (ကွင်းအတွင်း၊ ခြင်းခတ်သွင်း ယှဉ်ပြိုင်ခြင်း) အားကစားမှာ အမျိုးသား၊ အမျိုးသမီးအတွဲလိုက် ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ ပြိုင်ပွဲ အစမှာ Hook Takraw အားကစားနဲ့စပြီးယှဉ်ပြိုင်ရမှာပါ။
နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်တွေရရှိဖို့ ၂၀၂၅ ခုနှစ် တစ်နှစ်လုံး နေပြည်တော်နဲ့ ရန်ကုန်မှာလေ့ကျင်ခဲ့ပါတယ်။ လေ့ကျင့်မှုအပိုင်း ပြည့်စုံပြီလို့ပြောရမှာပါ။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာလည်း အမျိုးသမီးအသင်းက ဆုရခဲ့ပြီး ဒီနှစ်ဆီးဂိမ်းမှာ လေးယောက်တွဲ အမျိုးသား၊ အမျိုးသမီးယှဉ်ပြိုင်မှုမှာ ရွှေတံဆိပ်ဆုကို မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ကျော်ခြင်းအားကစားကို အားပေးမှုများလာတာကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ ရွှေတံဆိပ်ဆုရရှိအောင် အစွမ်းကုန်ကြိုးစားသွားပါ့မယ်လို့ ကတိပြုပါတယ်။ ပြိုင်ပွဲကိုလည်း မြန်မာပြည်သူအပေါင်း အားပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
ဒေါ်ခင်အေးမူ (ရိုးရာခြင်းလုံး-အုပ်ချုပ်သူ)
ဆီးဂိမ်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီလမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁၂ ဦး ကို ရွေးချယ်ခဲ့ပြီး စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ နောက်ဆုံးဆန်ခါတင် အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီးရှစ်ဦးကို ပြိုင်ပွဲအတွက် ရွေးချယ်ခဲ့ပါတယ်။ အမျိုးသား၊ အမျိုးသမီး Event-3၊ ပြိုင်ပွဲနှစ်မျိုးမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဓိကပြိုင်ဘက်က အိမ်ရှင်နိုင်ငံပဲ ဖြစ်ပါတယ်။ ရိုးရာခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့မှာ အမျိုးသား၊ အမျိုးသမီးအသင်း စတင်ယှဉ်ပြိုင်ပြီး နောက်ဆုံးပြိုင်ပွဲက ဒီဇင်ဘာ ၁၀ ရက် နေ့ဖြစ်ပါတယ်။ အခုဆီးဂိမ်းပြိုင်ပွဲမှာ နှစ်မျိုးပဲယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ရွှေတံဆိပ်မှန်းထားပါတယ်။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်သုံးခုနဲ့ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးထားတာကြောင့် အခုပြိုင်မယ့် မြန်မာ့ရိုးရာအားကစားခြင်းခတ် ပြိုင်ပွဲကို မြန်မာပြည်သူ၊ ပြည်သားအပေါင်းအဝေးကနေ အားပါးတရအားပေးကြဖို့လည်း တောင်းဆိုပါတယ်။
ကိုချမ်းမြေ့ဝင်း (မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယတာဝန်ခံ)
ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့တာ ကြာပါပြီ။ ထိုင်းနိုင်ငံ ပတ္တရားမှာလေး၊ ငါးကြိမ်သွားရောက်လေ့ကျင့်ခဲ့ပြီး နိုင်ငံ တကာအတွေ့အကြုံတွေလည်း ရရှိထားပါတယ်။ ပြိုင်ပွဲမှာ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲက လက်ရွေးစင်တွေလည်း ပါဝင်ပါတယ်။ မြင်းစီးပြိုင်ပွဲမှာ တန်းခုန်လည်းပါမယ်၊ Event Team လည်းပါမယ်။ မြင်းစီးအားကစားဟာ မြင်းနဲ့ လူနှစ်မျိုးလုံး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၃၊ ၁၇ နဲ့ ၁၉ ရက်တွေမှာ ယှဉ်ပြိုင်သွားမှာပါ။ မြင်းစီးအားကစားဟာ အခြားအားကစားလိုမဟုတ်ဘဲ ခန့်မှန်းရ ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ (၃၂) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲမှာ ငွေနဲ့ကြေးဆုတံဆိပ်ရရှိခဲ့ပြီး အခုဆီးဂိမ်းမှာ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိအောင် ကြိုးစားသွားမှာပါ။ မြန်မာနိုင်ငံမှာ ရိုးရာအားကစားနည်းဖြစ်တဲ့ မြင်းစီးအားကစားကို ချစ်မြတ်နိုးတဲ့သူများပါတယ်။ ကျွန်တော်တို့အသင်းကို ခွန်အားပြည့်အားပေးကြပါလို့ ပြောကြားလိုပါတယ်။
ဦးကောင်းဇော် (ကျွမ်းဘားအဖွဲ့ချုပ် အုပ်ချုပ်သူ)
ပြိုင်ပွဲမဝင်မီ တစ်နှစ်တိတိ ပြည်တွင်း/ ပြည်ပမှာ လေ့ကျင့်ထားပါတယ်။ ဆီးဂိမ်းမှာ MAG နဲ့ WAG ကျွမ်းဘားအားကစားနည်းမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာ ယှဉ်ပြိုင်ခဲ့မှုမရှိပေမယ့် အခြားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေရရှိခဲ့ပါတယ်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ အာဆီယံခုနစ်နိုင်ငံ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ ဒီပြိုင်ပွဲအတွက် အစွမ်းကုန်ကြိုးစားထားပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအနေနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြအဖြစ် ဆုတံဆိပ်တွေနဲ့ ပြန်လာခဲ့ပါ့မယ်။
ဦးဇော်လွင်ထွန်း (အပြည်ပြည်ဆိုင်ရာ လှေ-အုပ်ချုပ်သူ(Rowing)
ဆီးဂိမ်းပြိုင်ပွဲအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကစားသမားတွေကို တစ်နှစ်ကနေ နှစ်နှစ်ကျော်အထိလေ့ကျင့် သင်ကြားပေးခဲ့ပြီး ပြိုင်ပွဲက အားကစားနည်းခုနစ်မျိုးမှာ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင် သွားဖို့ရှိပါတယ်။ အုပ်ချုပ်သူနဲ့ နည်းပြသုံးဦးပါပါတယ်။ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက ပြိုင်ပွဲတွေမှာလည်း ကြေးတံဆိပ်တွေရရှိခဲ့ဖူးပါတယ်။ ပြိုင်ပွဲမှာ အမျိုးသားတစ်ယောက်လှော်၊ နှစ်ယောက်လှော်နဲ့ အခြားပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်မှုနဲ့အတူ အမျိုးသမီးတစ်ယောက် လှော်၊ လေးယောက်လှော်နဲ့ ပြိုင်ပွဲခုနစ်ပွဲကို ယှဉ်ပြိုင်သွားမှာပါ။
ဗီယက်နမ်ပြိုင်ပွဲက စံချိန်ကိုနှိုင်းယှဉ်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတာကြောင့် အမျိုးသမီးလေးယောက်လှော်ပြိုင်ပွဲမှာရွှေရဖို့ မျှော်မှန်းထားပါတယ်။ နိုင်ငံပေါင်း ငါးနိုင်ငံက ပြိုင်ဘက်ကောင်းတွေရှိနေတာကြောင့် အစွမ်းကုန်ကြိုးစား သွားမှာပါ။ ပြိုင်ပွဲက ဒီဇင်ဘာ ၁၄ ရက်က နေ ၁၇ ရက်နေ့အထိရှိပြီး ၁၉ ရက်နေ့မှာ လည်း တစ်ပွဲရှိပါတယ်။ အခုလိုကြိုပြီး သွားတာက အဲဒီနိုင်ငံရဲ့ ရေနဲ့လေကို အသားကျအောင် လေ့ကျင့်ချိန်ရတဲ့ အတွက် ပြိုင်ပွဲမှာ အားသာချက်တွေ ရရှိ နိုင်လို့ပါ။ မြန်မာနိုင်ငံက ပြည်သူများအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံကိုယ်စား ပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အပြည်ပြည်ဆိုင်ရာ လှေအားကစား သမားများ စိတ်ဓာတ်တက်ကြွစေတဲ့ အားပေးစကားတွေကို စောင့်မျှော်နေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်စွမ်းဆောင်စေတဲ့ ရွှေတံဆိပ်ဆုတွေနဲ့ ပြန်လာခဲ့ပါမယ်။
အင်တာဗျူး - သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်
